ဟားမက်စ်လက်နက်ကိုင်အဖွဲ့ ဆက်လက်ရှိနေခြင်းကို ခွင့်မပြုသင့်ကြောင်း အမေရိကန်သမ္မတ ဆို

ဝါရှင်တန်၊ ဇွန် ၂၉

အစ္စရေးအစိုးရအနေဖြင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ ဆက်လက်ရှိနေခြင်းကို ခွင့်မပြုသင့်ကြောင်း၊ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းသွားရမည်ဖြစ်ကြောင်းအမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထုတ်ဖော်ပြောဆိုလိုက်သည်။

အမေရိကန်သမ္မတသည် ပြီးခဲ့သောရက်ပိုင်းက ကျင်းပခဲ့သော သမ္မတဟောင်းဒေါ်နယ်ထရမ့်နှင့်ပြုလုပ်သော စကားစစ်ထိုးပွဲအတွင်း ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဂျိုးဘိုင်ဒန်က “ ဟားမက်စ်အုပ်စုကို ဆက်လက်ရှိနေဖို့ ခွင့်မပြုသင့်ဘူး။ အိုစမာဘင်လာဒင်ကို ကျွန်တော်တို့ လုပ်ဆောင်ခဲ့သလိုမျိုး အစ္စရေးကိုလည်း ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို အားနည်းအောင်လုပ်ဆောင်နိုင်ဖို့ ထောက်လှမ်းရေးအဖွဲ့စည်းတွေ၊ ကျွမ်းကျင်သူတွေကို စေလွှတ်ပေးခဲ့တယ်။ အစ္စရေးဟာ ဟားမက်စ်အဖွဲ့ကို အင်အားလျော့နည်းအောင်လုပ် ဆောင်ရမယ်။ ဒါပေမယ့် အရပ်သားပြည်သူတွေ သေဆုံးမှုမရှိရအောင် အစ္စရေးနိုင်ငံကို အလေးချိန် ၂ တန်ရှိ ဗုံးတွေပေးပို့တော့ ငြင်းဆန်ခဲ့တယ်။” ဟု ပြောသည်။

ဂျိုးဘိုင်ဒန်နှင့် ဒေါ်နယ်ထရမ့်ကြားတွင် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အငြင်းပွားခဲ့ပြီး ဒေါ်နယ်ထရမ့်က “ ဂျိုးဘိုင်ဒန်ဟာ ဟားမက်စ်အဖွဲ့ကို ထိန်းသိမ်းဖို့ ကြိုးပမ်းလိုသူဖြစ်တယ်။ အမှန်ဆိုရင် အစ္စရေးကို သူတို့အလုပ်အဆုံးသတ်နိုင်အောင် ခွင့်ပြုပေးရမယ်။ ဂျိုးဘိုင်ဒန်ဟာ အစ္စရေးကို အဲဒီလိုမျိုးလုပ်ခွင့်မပေးဘူး။ ဂျိုးဘိုင်ဒန်ဟာ ပါလက်စတိုင်းတွေကို လိုလားနေသူဖြစ်တယ်။ ဒါပေမယ့် ပါလက်စတိုင်းတွေကတော့ ဂျိုးဘိုင်ဒန်ကို လိုလားမှုမရှိဘူး။” ဟု ပြောသည်။

အမေရိကန်နိုင်ငံသည် အစ္စရေးနှင့် ဟားမက်စ်အုပ်စုကြား ဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲအဆုံးသတ်နိုင်ရန် ကြားဝင်ဆောင်ရွက်ခဲ့သော်လည်း လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေးရယူနိုင်ခြင်းမရှိသေးဘဲ စစ်မီးကအရှေ့အလယ်ပိုင်းဒေသအထိကူးစက်မည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

ကောင်းထက်ငွေ

foxnews.com

ဟားမက်စ်လက်နက်ကိုင်အဖွဲ့ ဆက်လက်ရှိနေခြင်းကို ခွင့်မပြုသင့်ကြောင်း အမေရိကန်သမ္မတ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.