ဝါရှင်တန်၊ ဒီဇင်ဘာ ၁၁
ဟားမက်စ်နှင့် အစ္စရေးနိုင်ငံကြား ဖြစ်ပွားနေသော စစ်ပွဲအဆုံးသတ်မည့်အချိန်ကို အမေရိကန်နိုင်ငံက ဆုံးဖြတ်မည်မဟုတ်ပဲ၊ အစ္စရေးနိုင်ငံကသာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလီကန်က ထုတ်ဖော်ပြောဆိုသည်။
အမေရိကန်နိုင်ငံအနေဖြင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့အပေါ် ပြုလုပ်နေသော တိုက်ခိုက်မှုများကို ယခုနှစ်အကုန်တွင် အဆုံးသတ်ရန် ဖိအားပေးနေကြောင်း သတင်းများထွက် ပေါ်လာခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက “ ဟားမက်စ်အဖွဲ့အပေါ် ပြုလုပ်နေတဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ ဘယ်လိုလုပ်ဆောင်မယ်ဆိုတဲ့အချက်နဲ့ ဒီစစ်ပွဲဘယ်အချိန်မှာ အဆုံးသတ်မလဲ ဆိုတဲ့အချက်တွေကို အစ္စရေးနိုင်ငံကသာ ဆုံးဖြတ်သွားဖွယ်ရှိနေပါတယ်။” ဟု ပြောသည်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့သည် အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးနိုင်ငံကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးသည် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ထားသော ဂါဇာဒေသကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့ရာ သုံးလအတွင်း ရောက်ရှိလာပြီဖြစ်ရာ အစ္စရေး၏တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၁၇,၀၀၀ ကျော် သေဆုံးထားကြောင်း သိရသည်။
အစ္စရေးသည် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းရန် ဆုံး ဖြတ်ထားရာ အောက်တိုဘာ ၇ ရက်နေ့တည်းက ဂါဇာဒေသကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။
အစ္စရေး၏တိုက်ခိုက်မှုများကြောင့် ဂါဇာဒေသတွင် အနည်းဆုံးလူပေါင်း ၁၇,၅၀၀ ကျော် သေဆုံးထားကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးက ပြောဆိုထားသော်လည်း အစ္စရေးက ယင်းသေဆုံးသူများထဲတွင် ဟားမက်စ်အဖွဲ့ဝင် အနည်းဆုံး ၇၀၀၀ ကျော်ပါဝင်ကြောင်း ပြောသည်။
အမေရိကန်သည် ဂါဇာဒေသစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးကို နိုင်ငံရေးမျက်နှာစာတွင် ကာကွယ်ပေးနေခဲ့သလို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးထားပြီး အစ္စရေးကို တင့်ကားကျည်ဆံများ ထပ်မံရောင်းချရန် ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။
ဟားမက်စ်နှင့် အစ္စရေးစစ်ပွဲ အဆုံးသတ်မည့်အချိန်ကို အစ္စရေးနိုင်ငံကသာ ဆုံးဖြတ်သွားမည်ဟု ဘလီကန် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်