ဂျေရုဆလင်၊ ဒီဇင်ဘာ ၁၆
အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုသည် ဒီဇင်ဘာ ၁၆ ရက်နေ့က အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် နှင့် ဆီးရီးယားအရေးအပြင် ဟားမက်အဖွဲ့က ပြန်ပေးဆွဲထားသောသူများကို အမြန်ဆုံးပြန်လည်လွတ်မြောက်ရေးကို ဆွေးနွေးခဲ့ကြောင်း ပြောသည်။
အစ္စရေးနှင့် ဟားမက်အဖွဲ့ကြားဖြစ်ပွားနေသော ဂါဇာစစ်ပွဲသည် ဒေါ်နယ်ထရမ့် သမ္မတအဖြစ်တာဝန်ယူချိန်တွင် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများထဲတွင် ပါဝင်နေကြောင်း သိရသည်။
ဒေါ်နယ်ထရမ့်သည် သမ္မတအဖြစ်ကျမ်းသစ္စာမကျိန်ဆိုခင် ဂါဇာစစ်ပွဲအဆုံးသတ်ရေးအတွက် ကြိုးပမ်းနေခြင်းဖြစ် ကြောင်း သိရသည်။
ဒေါ်နယ်ထရမ့်က ဟားမက်စ်အဖွဲ့အနေဖြင့် ဖမ်းဆီးထားသူများကို ၎င်းသမ္မတအဖြစ် ကျမ်းသစ္စာမကျိန်ဆိုခင်အထိ ပြန်မလွတ်ပေးပါက ဟားမက်စ်အဖွဲ့ ငရဲဘုံရောက်မည်ဟု ထုတ် ဖော်ပြောဆိုထားသည်။
အစ္စရေးသမ္မတက “ ဆီးရီးယားနိုင်ငံမှာဖြစ်နေတဲ့ ပြည်တွင်းရေးကိစ္စကို ကျွန်တော်တို့စိတ်မဝင်စားဘူး။ ဒါပေမယ့် ဆီးရီးယားနဲ့ပတ်သက်ပြီး အစ္စရေးရဲ့လုပ်ဆောင်ချက်တွေဟာ ဆီးရီးယားနိုင်ငံဘက်ခြမ်းကနေ ဖြစ်လာနိုင်ဖွယ်ရှိတဲ့ အလားလာတွေကို တားဆီးဖျက်ဆီးနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်။ နယ်စပ်ဒေသအနီးမှာ အကြမ်းဖက်အဖွဲ့တွေ ထိန်းချုပ်မှာကို ဟန့်တားတာဖြစ်တယ်။ ဒါ့အပြင် ဟားမက်စ်အဖွဲ့လက်ထဲ ရောက်ရှိနေတဲ့သူတွေ အမြန်ဆုံးပြန်လွှတ်မြောက်ရေးအတွက် ကြိုးပမ်းမှုတွေကိုလည်း ဆွေးနွေးခဲ့တယ်။ ဂါဇာစစ်ပွဲမှာ အစ္စရေးနိုင်ငံ အပြည့်အ၀နိုင်ပွဲရယူနိုင်ဖို့လည်း ဆွေးနွေးခဲ့တယ်။” ဟု ပြောသည်။
ဒေါ်နယ်ထရမ့်၏ ပြောရေးဆိုခွင့်ရှိသူက အစ္စရေးဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သော အသေးစိတ်အကြောင်းအရာများကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ခဲ့သည်။
ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အီဂျစ်၊ ကာတာ၊ အမေရိကန်နိုင်ငံတို့ ကြားဝင်စေ့စပ်ဆွေးနွေးခဲ့သော်လည်း လက်ရှိအချိန်အထိ အပစ်အခတ်ရပ်စဲရေး ရယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com
ဟားမက်စ်ကဖမ်းဆီးထားသူများ ပြန်လွတ်မြောက်ရေး ဒေါ်နယ်ထရမ့်နှင့် နေတန်ရာဟုတို့ ဆွေးနွေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်