ပုသိမ်၊ မတ်လ ၂၈
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်နှင့် ရေကြည်မြို့နယ်တို့တွင် စစ်မှုထမ်းကိစ္စများလုပ်ဆောင်နေချိန် အုပ်ချုပ်ရေးမှူးနေအိမ်နှင့် အုပ်ချုပ်ရေးမှူးရုံးတို့ မီးရှို့ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ဟင်္သာတမြို့၊ ကနောင်စုရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံးကို မတ် ၂၄ ရက်၊ ည ၈ နာရီဝန်းကျင်က မီးရှို့ခံရပြီး၊ မတ် ၁၉ ရက်ကလည်း ဟင်္သာတမြို့နယ်၊ ဒူးယားမြို့၊ အုတ်ဖိုချောင်ကျေး ရွာမှာ စစ်မှုထမ်းရန် စာရင်းများလုပ်နေအချိန် အုပ်ချုပ်ရေးမှူး ဦးကျော်မိုး၏နေအိမ် မီးရှို့ခံခဲ့ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ စစ်မှုထမ်းစာရင်းတွေကို အိမ်ထောင်စုစာရင်းနဲ့တိုက်ပြီး စာရင်းလုပ်နေတဲ့အချိန် မီးရှို့ခံရတာ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက အကုန်နီးပါးလောင်သွားတာ။ အုပ်ကြီး ကျော်မိုးအိမ်မီးရှို့ခံရတာလည်း ဟုတ်တယ်။ အိမ်ရှေ့မှာ စည်းဝေးပွဲလုပ်နေတဲ့အချိန်မှာ အိမ်နောက်ဖေးမှာ မီးရှို့ခံရတာ။ အသိမြန်လို့ ဆုံးရှုံးမှုနည်းတာ။” ဟု ၎င်းကဆက်ပြောသည်။
ထို့အတူ ရေကြည်မြို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး၏ နေအိမ်တွင် မတ်လ ၁၉ ရက်က မီးဒုတ်ပစ်ခံရပြီး မီးလောင်မှုဖြစ်ပွားခဲ့ကာ ပျက်စီးဆုံးရှုံးမှု အနည်းအငယ်သာရှိခဲ့သည်ဟု ရေကြည်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူ ဒေသခံတစ်ဦးက ပြောသည်။
“ လောင်မီးမဟုတ်ပါဘူး။ ရှို့မီးတွေပါ။ စစ်မှုထမ်းကိစ္စတွေနဲ့ပတ်သက်ပြီး အခုလို မီးရှို့ခံရတာလို့ထင်တယ်။ အုပ်ချုပ်ရေးမှူးနေအိမ်နဲ့ အုပ်ချုပ်ရေးမှူးရုံးတွေကို မီးရှို့တာက ဘယ်အဖွဲ့ကမှလုပ်တာမဟုတ်ပဲ အရပ်သားဒေသခံတွေက အုပ်ချုပ်ရေးမှူးတွေရဲ့လုပ်ရပ်ကို မကျေနပ်လို့ မီးရှို့လုပ်နေတာလို့ ယူဆတယ်။” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်တွင် ယခုမတ်လ ၂၅ ရက်၊ မနက်ပိုင်းကလည်း မီးလောင်မှုဖြစ်ပွားကာ လူနေအိမ် ၂၆ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူ ၅ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ခန့်ခန့်
ဓာတ်ပုံ- CJ
ယနေ့ခေတ်
ဟင်္သာတနှင့် ရေကြည်တွင် စစ်မှုထမ်းကိစ္စများလုပ်နေချိန် အုပ်ချုပ်ရေးမှူးနေအိမ်နှင့် အုပ်ချုပ်ရေးမှူးရုံး မီးရှို့ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်