သွင်းကုန်လိုင်စင်မရရှိခြင်းကြောင့် လုပ်ငန်းရှင်များအခက်အခဲကြုံ ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၃

ပြည်ပမှ သွင်းကုန်များတင်သွင်းရန်အတွက် အစိုးရမှ လိုင်စင်မထုတ်ပေးခြင်းကြောင့် လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း နယ်စပ်သွင်းကုန်လုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။

လက်ရှိအချိန်အထိ သွင်းကုန်လိုင်စင်ကို မထုတ်ပေးသည့်အတွက် တရားမဝင်လမ်းကြောင်းမှတဆင့် ကုန်ပစ္စည်းများကို တင်သွင်းနေရကြောင်း၊ ထို့အပြင် ဈေးကွက်အတွင်း စားသုံးသူများအနေဖြင့် ပစ္စည်းများပြတ်လပ်ခြင်း၊ ဈေးနှုန်းမြင့်တက်လာခြင်းတို့ကို ကြုံတွေ့နေရကြောင်း သိရသည်။

“ လိုင်စင်က လုံးဝမချပေးဘူး။ လိုင်စင်မချပေးတော့ ပစ္စည်းသွင်းဖို့က အဆင်မပြေတော့ဘူး။ အဲဒါကြောင့် အခုဆိုရင် ဈေးကွက်ထဲမှာ ပစ္စည်းကခဏခဏပြတ်နေတာ။ အထူးသဖြင့် ထိုင်းဘက်ကသွင်းနေတဲ့ သွင်းကုန်တွေပေါ့။ သိသာတယ်လေ။ တော်တော်လေးလည်းအဆင်မပြေဖြစ်ရတယ်။” ဟု သွင်းကုန်လုပ်ငန်းရှင် မဇင်မီက ယနေ့ခေတ်သို့ ပြောသည်။

နယ်စပ်ကုန်ပစ္စည်းမှန်သမျှကို တရားမဝင်ကုန်ပစ္စည်းအဖြစ်သတ်မှတ်ပြီး ဖမ်းဆီးနေသည့်အတွက် ပြည်တွင်း၌ အရေးပေါ်လိုအပ်နေသည့် ဆေးဝါး၊ စားသောက်ကုန်နှင့် ယာဉ်အပိုပစ္စည်းပြတ်လပ်မှုများ ကြုံနေရကြောင်း၊ နိုင်ငံခြားငွေရှားပါးလာခြင်းကိုအကြောင်းပြု၍ နယ်စပ်သွင်းကုန်လိုင်စင်ကို ကန့်သတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ အဓိက အဆင်မပြေတာကတော့ ဆေးဝါးတွေပဲ။ ပန်းနာရင်ကျပ်သမားတွေ အဓိကသုံးနေရတဲ့ Ventolin ရှုဆေးဗျာ၊ ပစ္စည်းက ခဏခဏပြတ်တယ်။ ဈေးကလည်း အဆမတန်ဖြစ်နေပြီ။ အရင်က တစ်ဗူးကို ၅ ထောင်လောက်ပေးရတာ။ အခုဆို ၄ သောင်းပတ်ဝန်းကျင်။ လိုတဲ့အချိန်လည်းမရဘူး။” ဟု စားသုံးသူတစ်ဦးက ဆိုသည်။

ကုန်သည်များအနေဖြင့် နယ်စပ်မှကုန်ပစ္စည်းများ မသွင်းရဲသည့်အတွက် လက်ကျန်ပစ္စည်းများ စျေးအဆမတန်မြင့် တက်လာခြင်းဖြစ်ကြောင်း နယ်စပ်ကုန်သည်များက ပြောကြားသည်။

#စုစု

ဓာတ်ပုံ – CJ

#ယနေ့ခေတ်

သွင်းကုန်လိုင်စင်မရရှိခြင်းကြောင့် လုပ်ငန်းရှင်များအခက်အခဲကြုံ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.