သံလွင်အပါအဝင် မြစ်ခြောက်စင်း စိုးရိမ်ရေမှတ်ရောက်နေ

ရန်ကုန်၊ ဩဂုတ် ၈

သံလွင်မြစ်အပါအဝင် မြစ်ခြောက်စင်းမှာ စိုးရိမ်ရေမှတ်ရောက်နေ၍ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင်နေထိုင်သူများ သတိပြုနေထိုင်ကြရန် မိုး/ဇလမှ ယနေ့ထုတ်ပြန်ထားသည်။

စိုးရိမ်ရေမှတ်ရောက်ရှိနေသောမြစ်များမှာ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ရွှေကျင်မြစ်၊ လေးမြို့မြစ်၊ စစ်တောင်းမြစ်နှင့် ကုလားတန်မြစ်တို့ဖြစ်ကြပြီး ဘားအံမြို့၊ မြဝတီမြို့၊ ရွှေကျင် မြို့၊ မြောက်ဦးမြို့၊ ကျောက်တော်နှင့် မဒေါက်မြို့တို့တွင် ရေကြီးခြင်းဖြစ်နိုင်ကြောင်း မိုး/ဇလမှ အသိပေးထားသည်။

ယမန်နေ့ နေ့လည်က တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ကရင်ပြည်နယ်၊ ဘားအံမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ ၂ ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်ရှိနိုင်ခြင်း၊ သောင်ရင်းမြစ်ရေသည် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ ၃ ပေကျော်ခန့် ကျော်လွန်ရောက်ရှိနေ၍ နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်အထက် ဆက်လက်ရှိနိုင်ခြင်း၊ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အောက် ၁ ပေခန့် ရောက်ရှိနေကာ နောက်တစ်ရက်အ တွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ခြင်း၊ ကုလားတန်မြစ်သည် ကျောက်တော်မြို့တွင် စိုးရိမ်ရေမှတ်အောက် ၃ ပေခန့်ရောက်ရှိနေကာ နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ခြင်းတို့ဖြစ်နိုင်ကြောင်း သတိပေးထားသည်။

ထို့ပြင် ယနေ့နံနက် တိုင်းထွာချက်တွင် ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲခန့် ရောက်ရှိနေကာ နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိ နိုင်ခြင်း၊ လေးမြို့မြစ်ရေသည် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် စိုးရိမ်ရေမှတ်အောက် ၃ ပေခွဲခန့် ရောက်ရှိနေကာ နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်တို့သို့ အသီးသီးရောက် ရှိနိုင်သည်ဟု သိရသည်။

ထို့ကြောင့် အဆိုပါမြို့နယ် ၆ မြို့နယ်ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုး/ဇလ က အကြံပြုထားသည်။

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းကလည်း မိုးသည်းထန်စွာရွာသွန်း၍ မြစ်လေးစင်းထက်မနည်း စိုးရိမ်ရေမှတ်အထက်ကျော်လွန်ကာ မြစ်ဆယ်စင်းထက်မနည်း မြစ်ရေမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်း၍ မြစ်ရေ၊ ချောင်းရေများ မြင့်တက်မှုကြောင့် ယခုရက်ပိုင်းအတွင်း မွန်၊ ကရင်၊ တနင်္သာရီနှင့် ရခိုင်ပြည်နယ်တို့ရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ် ပွားကာ လက်ရှိအချိန်အထိ ဒေသခံထောင်ချီ၍ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေရကြောင်း သိရသည်။

မောင်ဇော်

ဓါတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ပုံစာ- မြစ်ရေမြင့်တက်မှုကြောင့် ဘီးလင်းမြို့နှင့် မြဝတီမြို့တို့တွင် ရေကြီးနေစဉ်။

သံလွင်အပါအဝင် မြစ်ခြောက်စင်း စိုးရိမ်ရေမှတ်ရောက်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.