ရန်ကုန်၊ ဇန်နဝါရီ ၈
ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် စစ်ဘေးရှောင် ၁၀၀၀ ကျော်တွင် ယားနာများဖြစ်ပေါ်နေပြီး၊ ယားနာဆေးများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလဆန်းမှစ၍ သံတွဲမြို့တွင် နစကတပ်နှင့် AA တို့ တကျော့ပြန်တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီး ရွာရှစ်ရွာရှိ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များအပါအဝင် လူဦးရေ ၁၀၀၀ ကျော်တွင် ယားနာများဖြစ်ပေါ်နေခြင်းကြောင့် ယားနာဆေးများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။
“သံတွဲမှာ ရွာရှစ်ရွာဆိုတော့ လူဦးရေခန့်မှန်း ၁၀၀၀ လောက်တော့ရှိမယ်။ အဓိကတော့ စောင်တွေကိုသေချာမခြုံအိပ်တာတွေရယ်၊ လူအများစု စုဝေးနေရတာတွေကြောင့် ယာနာတွေက ကူစက်ပြီးဖြစ်လာကြတာ။ ကလေးတွေက သဲတောထဲဆော့တွေကြောင့်လည်းပါတယ်။ ဒီမှာက ဆပ်ပြာတွေကလည်း စျေးကြီးတယ်။ ဆေးဝါတွေကလိုအပ်နေတာ အဓိကပေါ့နော်။ ယားနာတွေက ကလေးရော၊ လူကြီးတွေပါဖြစ်တာ။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အလားတူ ပုဏ္ဏားကျွန်းမြို့တွင်လည်း စစ်ဘေးရှောင်များ ငွေကြေးမတက်နိုင်သည့်အတွက် သောက်သုံးရေခက်ခဲမှုနှင့် သုံးရေသန့်ရှင်းမှုမရှိ၍ ဝမ်းပျက်ဝမ်းလျောရောဂါနှင့် ယားနာများဖြစ်ပေါ်နေကြောင်း သိရသည်။
“ပုဏ္ဏားကျွန်းမှာဆို ပိုဆိုးတာပေါ့။ အရင်ကဆို သောက်ရေက ဝယ်သောက်လို့လွယ်တယ်။ ပိုက်ဆံရှိရင် သောက်ရေကဝယ်သောက်ရတာ အဆင်ပြေတာပေါ့။ အခုက စစ်ဖြစ်တော့ လူတွေလည်း ဘာစီးပွားရေးမှအဆင်မပြေတော့ ကြုံရာရေကိုသောက်နေကြတယ်။ ဒီကနေ ဝမ်းပျက်တာတွေဖြစ်တယ်။ ရေရောင်းတဲ့သူကလည်း မီးစက်နဲ့ဆိုတော့ ဆီဝယ်ဖို့က လည်း ခက်ခဲတယ်။ သုံးရေတွေကမသန့်တော့ ယားနာတွေပါပေါက်လာကြတာပေါ့။” ဟု စစ်ဘေးရှောင်နေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံများသည် စစ်ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရပြီး၊ ရာသီဥတုအခြေအနေများကြောင့် စောင်နှင့် ခြင်ထောင်တို့အပြင် ဆေးဝါးများ အဓိကလိုအပ်နေကြောင်း သိရသည်။
ရခိုင်ပြည်တွင် သောက်သုံးရေရှားပါးခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများဖြစ်ပေါ်နေပြီး၊ ရခိုင်ပြည်နယ်အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသတွင် ဆေးရုံနှင့် ကျန်းမာရေးစောင့်ရှောက်ခွင့်များ မရရှိသည့်အတွက် အခက်အခဲများကြုံ တွေ့နေရကြောင်း UN OCHA Myanmar ၏ထုတ်ပြန်ချက်အရ သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ-ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့
#ယနေ့ခေတ်
သံတွဲမြို့တွင် စစ်ဘေးရှောင် ၁၀၀၀ ကျော်အတွက် ယားနာဆေးများ အရေးပေါ်လိုအပ်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်