တဲလ်ရန်၊ မေ ၂၄
အီရန်သမ္မတ အီဘရာဟင်ရိုင်စီ လိုက်ပါစီးနင်းလာသော ရဟတ်ယာဉ်သည် စီစဉ်ထားသည့်လေကြောင်းလမ်းကြောင်းအတိုင်း မောင်းနှင်လာခြင်းဖြစ်ကြောင်း၊ စက်ချို့ယွင်းကာ ပျက်ကျခဲ့ခြင်းဖြစ်ပြီး ပစ်ချခံရသည့် သက်သေအထောက်အထားများ မတွေ့ရကြောင်း အီရန်စစ်တပ်၏ စုံစမ်းရေးကော်မရှင်က သတင်းထုတ်ပြန်လိုက်သည်။
ရဟတ်ယာဉ်မှူးသည် ပျက်ကျမှုမဖြစ်ပွားခင် အခြားရဟတ်ယာဉ်မှ လေယာဉ်မှူးနှစ်ဦးကို ဆက်သွယ်ခဲ့ကြောင်း၊ စက်ချို့ယွင်းကာ မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း အီရန်စုံစမ်းရေးကော်မရှင်က ပြောသည်။
ရဟတ်ယာဉ်မှူးအချင်းချင်း စကားပြောဆိုရာတွင်လည်း ပုံမှန်အတိုင်းသာဖြစ်ပြီး သံသယဖြစ်ဖွယ်ရာ မတွေ့ရကြောင်း အီရန်စစ်ဘက် စုံစမ်းရေးကော်မရှင်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မေလ ၂၁ ရက်နေ့က ရဟတ်ယာဉ်ပျက်ကျကာ သေဆုံးခဲ့သော အီရန်သမ္မတ အီဘရာဟင် ရိုင်စီ သေဆုံးမှုကို စုံစမ်းစစ်ဆေးပြီးနောက် မေလ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အီရန်သမ္မတသည် နိုင်ငံခြားရေးဝန်ကြီးအပါအဝင် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ နိုင်ငံအရှေ့ဖျားရှိ အဇာဘိုင်ဂျန်ပြည်နယ်က ရေကာတာဖွင့်ပွဲကို သွားရောက်ခဲ့ပြီးနောက် အပြန်တွင် ရဟတ်ယာဉ်ပျက်ကျခဲ့ပြီး ရဟတ်ယာဉ်အပေါ်တွင်လိုက်ပါသွားသူ ၁၅ ဦးစလုံး သေဆုံးခဲ့ကြောင်း သိရသည်။
အီရန်သမ္မတ ရဟတ်ယာဉ်ပျက်ကျကာ သေဆုံးမှုနှင့်ပတ်သက်ပြီး သတင်းအမျိုးမျိုးထွက်ပေါ်ခဲ့ပြီး အီရန်စစ်တပ်က စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဒုတိယသမ္မတ မိုဟမ်မက်မိုခါဘာကို ယာယီသမ္မတအဖြစ် ခန့်အပ်ထားပြီး ဇွန်လ ၂၈ ရက်နေ့တွင် သမ္မတအသစ်ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရ သည်။
ကောင်းထက်ငွေ
3.nhk.or.jp/nhkworld/en/news
သေဆုံးခဲ့သော အီရန်သမ္မတစီးနင်းသည့်လေယာဉ်က ပစ်ချခံရခြင်းမဟုတ်ကြောင်း အီရန်အာဏာပိုင်များ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်