ရန်ကုန်၊ စက်တင်ဘာ ၁၂
ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး အမျိုးသမီးတစ်ဦး ယမန်နေ့က ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရ သည်။
ယမန်နေ့ ညနေ ၆ နာရီခွဲက သုံးဆယ်မြို့၊ စံရွေးတန်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဒေါ်သိမ့်သိမ့်လွင်မှာ ပြင်ပမှနေအိမ်သို့ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် လမ်း၌ အမည်မသိအမျိုးသား နှစ် ဦးက သေနတ်ဖြင့် ၃ ချက်ခန့် ပစ်ခတ်ခဲ့၍ နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။
“ အုပ်ချုပ်ရေးမှူးက သာယာအေးရွာမှာ ဆေးခန်းဖွင့်ထားတဲ့ သူသမီးရဲ့ဆေးခန်းကနေ သားအမိနှစ်ယောက်အတူ ဆိုင်ကယ်နဲ့ပြန်လာတုန်း လမ်းမှာပစ်ခတ်ခံရတာ။ သမီးကတော့ ဒဏ်ရာမရဘူး” ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူအမျိုးသမီးတွင် ယာဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ နောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တိုဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ရုပ်အလောင်းအား သုံးဆယ်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ပစ်ခတ်ခံရ၍ သေဆုံးခဲ့သူ သုံးဆယ်မြို့၊ စံရွေးတန်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူး အမျိုးသမီးမှာ တာဝန်ထမ်းဆောင်သည်မှာ လေးလခန့်သာရှိပြီး ယခင်အုပ်ချုပ်ရေးမှူးမှာလည်း ပစ် ခတ်ခံရကာ သေဆုံးခဲ့၍ ၎င်း၏နေရာအား အစားထိုးခန့်အပ်ထားသူဟု ဒေသခံများက ပြောသည်။
မောင်ဇော်
Photo – PAN
ပုံစာ- သေဆုံးသူ ရပ်ကွက်အုပ်ချုပ်ရေးမှူး အမျိုးသမီးအား တွေ့ရစဉ်။
သုံးဆယ်မြို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်