ရန်ကုန်၊ ဒီဇင်ဘာ ၅
ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရဲစခန်းအနီး၌ ယနေ့နံနက်ပိုင်းတွင် ပေါက်ကွဲမှုဖြစ်ခဲ့ကာ အနီးရှိလမ်းများအား ပိတ်ဆို့စစ်ဆေးခဲ့ကြောင်း ရပ်ကွက်အတွင်း နေထိုင်သူများ ထံမှ သိရသည်။
ယနေ့နံနက် ၇ နာရီကျော်က သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းပေါ်ရှိ သုဝဏ္ဏနယ်မြေရဲစခန်းအနီး၌ ပေါက်ကွဲမှုဖြစ်ခဲ့ကာ အနီးရှိရပ်ကွက်အတွင်းမှ ပေါက်ကွဲသံကိုကြားရကြောင်း သိရသည်။
“ အသံကတော့ တော်တော်ကျယ်တယ်။ အုန်းခနဲ တစ်ချက်ကြားရတာ။ ရဲစခန်းအနီးမှာပေါက်ကွဲတာလို့ သိရတယ်။ လူထိခိုက်မှု မရှိဘူး။” ဟု အနီးရှိရပ်ကွက်အတွင်း၌ နေထိုင်သူ တစ်ဦးက ပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးအဖွဲ့များ ရောက်ရှိလာကာ၊ သံသုမာလမ်းအပါအဝင် အနီးရှိလမ်းအချို့အား ပိတ်ဆို့ကာ စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
“ ပေါက်ကွဲမှုဖြစ်ပြီး သိပ်မကြာဘူး သူတို့အဖွဲ့တွေ ရောက်လာကြတာ။ ရဲစခန်းနားက သံသုမာလမ်းကို သုဝဏ္ဏဘက်ကနေ လာတဲ့ဘက်ရော၊ စံပြစျေးဘက်ကို သွားတဲ့ဘက်ရော၊ နှစ်ဖက်စလုံးကို ပိတ်ဆို့တဲ့အပြင်၊ ကမာကြည်တံတားနဲ့အနီးက ရပ်ကွက်ထဲက လမ်းတွေကိုပါပိတ်ပြီး လိုက်စစ်တာတွေ့ရတယ်။ ၈ နာရီခွဲလောက်တော့ လမ်းတွေပြန်ဖွင့်ပေးလိုက် တယ်။ ကားတွေတော့ တော်တော်ပိတ်ကုန်တာပေါ့။” ဟု အနီးရှိရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ဆက်လက်ပြောကြားသည်။
ဖောက်ခွဲမှုကို ရန်ကုန်အနောက်ပိုင်းခရိုင် ပကဖနှင့် မဟာမိတ်ဆိုသည့်အဖွဲ့မှ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
အလားတူ ယခုပေါက်ကွဲမှု ဖြစ်ပွားရာအနီးရှိ သုဝဏ္ဏအထက်တန်းကျောင်းနှင့် Max စက်သုံးဆီဆိုင်အနီးတွင် အောက်တိုဘာ ၉ ရက်က မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးအားတွေ့ ရှိခဲ့၍ လုံခြုံရေးအဖွဲ့က ကားလမ်းအား တစ်နာရီခန့်ပိတ်ဆို့ကာ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
Photo – စီဂျေ
သုဝဏ္ဏရဲစခန်းအနီး ပေါက်ကွဲမှုဖြစ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်