ရန်ကုန်၊ ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါ-လားရှိုးကြားရှိ စဉ့်အင်ချောင်းကူး ကွန်ခိုက်ယာယီတံတားသစ် တည်ဆောက်ပြီးဖြစ်၍ ကားအသေးများ ဖြတ်သန်းသွားလာ၍ ရပြီဖြစ်ကြောင်း သိရသည်။
မိုင်းခွဲဖျက်စီးခံခဲ့ရသည့် စဉ့်အင်းတံတားအစား တည်ဆောက်ခဲ့သည့် သီပေါ-လားရှိုးကြားရှိ ကွန်ခိုက်ယာယီတံတားသစ်ကို ယမန်နေ့ နေ့လည်ပိုင်းက တည်ဆောက်ပြီးပြီဖြစ်၍ ကား အသေးများ ဖြတ်သန်းသွားလာခွင့်ရှိပြီဖြစ်ကြောင်း သိရသည်။ တံတားဖြတ်သန်းခအဖြစ် ကားတစ်စီးလျှင် ကျပ်ငွေ ၂၀,၀ဝဝ ကောက်ခံကြောင်း ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

“ တံတားက ဘယ်နေ့ကစဆောက်လည်းတော့ မသိဘူး။ မနေ့က နေ့လည်ပိုင်းတော့ လက်စသပ်ပြီး တစ်စီးအရင်သွားကြည့်တယ်။ ကွန်ခိုက်ယာယီတံတားပေါ်ကို ကားအသေးတွေပဲ သွားလို့ရတယ်။ ၆ ဘီးတွေ၊ ၁၂ ဘီးတွေတော့ သွားလို့မရဘူး။ ကားတစ်စီကို ကျပ်ငွေ ၂၀,၀၀၀ ကောက်တယ်လို့သိရပါတယ်။ တံတားကို ကားသမားတွေရဲ့ အလှူငွေထည့်ဝင်တယ်လို့လည်း ပြောတယ်။” ဟု ဒေခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
သီပေါ-လားရှိုးကြားရှိ ကွန်ခိုက်ယာယီတံတားမှ ဖြတ်သန်းသွားလာခွင့်ကို နေ့စဉ်နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖြတ်သန်းခွင့်ပြုထားကြောင်း သိရသည်။
“ သီပေါဘက်ကနေလာမယ်ဆိုရင်တော့ စဉ့်အင်တံတားအနီးကနေ ညာဘက်လမ်းအတိုင်း ၁၅ မိနစ်ခန့်မောင်းရတယ်။ လားရှိုးဘက်နေ စဉ့်အင်ရွာ၊ နတ်စင်ညောင်ပင်အနီး ဘယ်ဘက်ကို ၁၅ မိနစ်မောင်းရမယ်။ လမ်းခရီးလည်း စိတ်ချရတယ်။ လုံခြုံမှုလည်း ရှိတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဒီဇင်ဘာ ၁၂ ရက်နေ့က သီပေါ-လားရှိုးပြည်ထောင်စုလမ်းမကြီးနှင့် ဆက်သွယ်ထားသည့် စဉ့်အင်းတံတား မိုင်းခွဲဖျက်စီးခံခဲ့ရပြီး၊ ဒေသခံများ သွားလာရန်ခက်ခဲမှုများရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် စဉ့်အင်တံတား မပြင်ဆင်ရသေးခင် ကွန်ခိုက်ယာယီတံတားကို တည်ဆောက်ပြီး ဒေသခံများ၏ ခရီးသွားလာရေးအခက်အခဲကို ယာယီဖြေရှင်ပေးခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါ ကွန်ခိုက်တံတားအသစ်မှသွားလာမည်ဆိုပါက ကုံးမုံ-နမ္မတူလမ်းပိုင်းထက် အချိန်တစ်နာရီခန့် သက်သာမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်အောက်တိုဘာ ၂၇ ရက်နေ့မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် မဟာမိတ်သုံးဖွဲ့က ၁၀၂၇ အမည်ဖြင့် တိုက်ပွဲများဖော်ဆောင်ပြီးနောက် ဒေသအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ၏ အသက်အိုးအိမ်များ ပျက်စီးဆုံးရှံးခဲ့ပြီး၊ လမ်းပန်းဆက်သွယ်သွားလာမှု အခက်များလည်းရှိနေကြောင်း သိရသည်။
ရှမ်းပြည်မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့၏စစ်ဆင်ရေးမှာ သုံးလပြည့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ- CJ
ယနေ့ခေတ်
သီပေါ-လားရှိုးကြားရှိ စဉ့်အင်ချောင်းကူး ကွန်ခိုက်ယာယီတံတား သွားလာခွင့်ရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်