သီပေါ၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်မည်ကို ဒေသခံများစိုးရိမ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့အဝင်အနီး၌ ယမန်နေ့က နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး ဒေသခံတစ်ဦးသေဆုံးကာ၊ ငါးဦးဒဏ်ရာရရှိခဲ့ပြီးနောက် တိုက်ပွဲများ ဆက်လက်ပြင်းထန် လာမည်ကို စိုးရိမ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ နံနက်ပိုင်းကဖြစ်ပွားသည့် တိုက်ပွဲတွင် နှစ်ဖက်ပစ်ခတ်မှုများအပြင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် ဒေသခံအချို့ ထိခိုက်သေဆုံးကာ ဒဏ်ရာရခဲ့ပြီးနောက် ယမန် နေ့ နေ့လည်ပိုင်းက သီပေါမြို့တွင်းတွင် သွားလာသူနည်းပါးသွားကြောင်း ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

“ မနေ့ကတိုက်ပွဲက မြို့နဲ့နီးတဲ့နေရာမှာ ဖြစ်သွားတာဆိုတော့ မြို့ထဲရောက်လာမှာကို ထိတ်လန့်နေရတာပေါ့။ စျေးတွေ၊ အိမ်တွေလည်း အကုန်ပိတ်ပြီး လုံခြုံတဲ့နေရာမှာ နေကြတာ တွေလည်းရှိတယ်။ မြို့ပေါ်တိုက်ပွဲဖြစ်ရင် ရှောင်တိမ်းရတာ ခက်ခဲတယ်လေ။ ဒီမနက်အထိတော့ တိုက်ပွဲအခြေအနေ ငြိမ်နေပေမဲ့ မြို့ထဲလည်း အသွားအလာပါးနေတုန်းပဲ။ တိုက်ပွဲ ဖြစ်ထားတဲ့နေရာမှာ အင်အားစုဖွဲ့ နေတယ်ဆိုတဲ့ သတင်းတွေလည်းကြားရတော့ ထပ်ပြီးပြင်းထန်လာမှာကို စိုးရိမ်နေကြတာ။” ဟု သီပေါမြို့ခံ ပရဟိတလုပ်ငန်းများ လုပ်ကိုင်နေ သည့် အမျိုးသားတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထို့ပြင် သီပေါမြို့နှင့် ကျောက်မဲမြို့အကြား ဆက်သွယ်ထားသည့် ကျင်သီတံတားမှာလည်း နိုဝင်ဘာ ၁၂ ရက်၊ နံနက်ပိုင်းက မိုင်းကွဲ၍ပျက်စီးခဲ့သဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲ လျက်ရှိနေစဉ်၊ သီပေါမြို့ပေါ်၌ တိုက်ပွဲများဖြစ်ပွားလာမည်ကို စိုးရိမ်လျက်ရှိနေကြောင်း သိရသည်။

“ တံတားကလည်း မပြင်ရသေးတော့ ကားတွေသွားမရဘူး။ မြို့ပေါ် တိုက်ပွဲတွေဖြစ်ရင်တော့ ပြေးလို့တောင်မလွယ်ဘူး။ ကုန်စည်တွေကလည်း တဖြည်းဖြည်းစျေးတက်လာတယ်။ စက်သုံးဆီဆိုရင် တစ်လီတာ သုံးထောင်လောက်အထိရှိတယ်။” ဟု သီပေါမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

သီပေါမြို့နှင့်အနီးတစ်ဝိုက်၌ ယခုလအတွင်းမှစ၍ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေကာ ယမန်နေ့က သီပေါမြို့အဝင် စံဖိတ်ကွက်သစ်အတွင်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားစဉ် စံဖိတ်ကွက်သစ်ရှိ ပရိဘောဂလုပ်ငန်း လုပ်ကိုင်နေသော နေအိမ်တစ်လုံးနှင့် အခြားအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျည်စများ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံတစ်ဦး သေဆုံးကာ ငါးဦးခန့် ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ပစ်ခတ်မှုများဖြစ်ပွားရာ သီပေါမြို့အဝင် မုဒ်ဦးအနီး၌ မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်တစ်လုံးတွေ့ရကြောင်း ဒေသခံများက ပြောသည်။

ထိုအခြေအနေများကြောင့် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာမည်ကို ဒေသခံများအကြား စိုးရိမ်လျက်ရှိနေကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့ပေါ်နှင့်အနီးတဝိုက်တွင် ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ပွဲများဖြစ်ပွားခဲ့၍ နမ့်ခမ်းမြို့ထဲ၌ နေအိမ်များ၊ စျေးဆိုင်များပိတ်သိမ်းခဲ့ကာ ဘေးလွတ်ရာနေရာများတွင် ယာယီတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

ပုံစာ – တိုက်ပွဲဖြစ်ပွားပြီးနောက် ယမန်နေ့က သီပေါမြို့အား တွေ့ရစဉ်

#ယနေ့ခေတ်

သီပေါ၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်မည်ကို ဒေသခံများစိုးရိမ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.