သီပေါ၌ တိုက်ပွဲကြောင့် သီလရှင်အပါး ၂၀၀ ကျော် စစ်ဘေးရှောင်ရ

ရန်ကုန်၊ ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်ရှိ သီလရှင်ကျောင်းတစ်ကျောင်းမှ သီလရှင်အပါး ၂၀၀ ကျော်မှာ တိုက်ပွဲကြောင့် ယမန်နေ့ ညက စစ်ဘေးတိမ်းရှောင်ခဲ့ရကြောင်း ကူညီ ပေးခဲ့သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယမန်နေ့ ည ၈ နာရီကျော်က သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာရှိ ရွှေမောင်း သီလရှင်ကျောင်းမှ သီလရှင်အပါး ၂၀၀ ကျော်မှာ တိုက်ပွဲများကြောင့် သီပေါမြို့ပေါ် သို့ လာရောက်စစ် ဘေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

“ စံဖိတ်ရွာက ရွှေမောင်း သီလရှင်ကျောင်းကနေ မြို့လယ်ဓမ္မာရုံကြီးကို မနေ့ ညက ရွေ့ပြောင်းပေးခဲ့ပါတယ်။ ဒီမနက်တော့ အဲ့ဒီဓမ္မာရုံကနေ မဟာမြတ်မုနိ ဘုရားကြီးကျောင်းတိုက် ကို တစ်ဆင့်ပြန်လည် ရွေ့ပြောင်းပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ သုံး၊ လေးရက်က အဲ့ဒီကျောင်းနားမှာ တိုက်ပွဲဖြစ်သွားတာရှိတယ်။ မနေ့က တိုက်ပွဲငြိမ်နေပေမဲ့ ပြန်ဖြစ်မှာကြောက်လို့၊ ဆရာလေးတွေ မြို့ပေါ်ကိုလာပြီး စစ်ရှောင်ကြရတာ။” ဟု ကူညီပေးခဲ့သော သီပေါမြို့ခံ ပရဟိတအသင်းသားတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယမန်နေ့ ညက စစ်ဘေးရှောင် သီလရှင်များအား မြို့နယ်ပရဟိတအသင်းသားများက မော်တော်ယာဉ်များဖြင့် မြို့ပေါ်သို့ ကူညီရွေ့ပြောင်းပေးခဲ့ပြီး ယနေ့ နံနက်တွင် စားသောက် ရေးအတွက် မြို့ခံများက ဆက်လက်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက်မှစတင်၍ အဆိုပါ သီလရှင်ကျောင်းရှိရာ သီပေါမြို့အဝင် စံဖိတ်ကျေးရွာအတွင်း၌ နစကတပ်များနှင့် TNLA လက်နက်ကိုင်အဖွဲ့များအကြား ပြင်းထန် သည့်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း နှစ်ဖက်အပြန်အလှန် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပါဝင်ခဲ့ကာ၊ စံဖိတ်ကျေးရွာအနီးရှိ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီး အခြား အိမ်တစ်လုံးသို့ ကျည်စများထိမှန်ခဲ့၍ အမျိုးသားတစ်ဦးသေဆုံးခဲ့ကာ အမျိုးသားနှင့် အမျိုးသမီးစုစုပေါင်း ငါးဦးတို့ ပြင်းထန်ဒဏ်ရာများရရှိခဲ့သဖြင့် ယနေ့အထိ လားရှိုးဆေးရုံကြီး ၌ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

အဆိုပါနေရာအနီး ယနေ့အထိ နှစ်ဖက်စစ်ရေးတင်းမာနေ၍ ဒေသခံအများအပြား သီပေါမြို့ပေါ်တွင် စစ်ရှောင်နေရကြောင်း သိရသည်။

အလားတူ နိုဝင်ဘာ ၂၂ ရက်ကလည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပန်ဆိုင်းမြို့ နယ်၌ တိုက်ပွဲအတွင်းပိတ်မိနေသည့် သံဃာနှင့် ကိုရင်အပါး ၈၀ ကျော်မှာ မူ ဆယ်မြို့ပေါ်သို့ အရေး ပေါ်စစ်ဘေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – Shar Htet Paing

#ယနေ့ခေတ်

သီပေါ၌ တိုက်ပွဲကြောင့် သီလရှင်အပါး ၂၀၀ ကျော် စစ်ဘေးရှောင်ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.