ရန်ကုန်၊ အောက်တိုဘာ ၁၇
သီတင်းကျွတ် ရုံးပိတ်ရက်ကာလတွင် ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-ပြည် အထူးရထားခရီးစဉ်ကို ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
အောက်တိုဘာ ၂၇ ရက်တွင် ရန်ကုန်-နေပြည်တော် အစုန်အထူးလေအိတ်ရထားနှင့် ပြည်-ရန်ကုန် အဆန်အထူးလေအိတ်ရထားများကို ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။
“ ပိတ်ရက်ဆိုရင် ခရီးသည်တွေက နယ်တွေပြန်ကြတာရှိသလို ဘုရားဖူးသွားကြတာတွေလည်းရှိတယ်။ အဲဒီကာလတွေက ခရီးသည်တွေများတော့ အထူးရထားခရီးစဉ်ကို ပြေး ဆွဲပေးတာဖြစ်ပါတယ်။ လိုအပ်ရင်လည်း ထပ်တိုးပြေးဆွဲဖို့စီစဉ်ထားပါတယ်။” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ထို့ပြင် ရန်ကုန်-နေပြည်တော် အဆန် အထူးလေအိတ်ရထားနှင့် ပြည်-ရန်ကုန် အစုန် အထူးလေအိတ်ရထားများကိုအောက်တိုဘာ ၃၀ ရက်တွင် ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကြိုတင်လက်မှတ်အရောင်းဌာနတွင်လည်း လက်မှတ်များ စုံစမ်းဝယ်ယူနိုင်သလို ရထားထွက်ခွာမည့် အချိန်စာရင်းကိုလည်း သက်ဆိုင်ရာဘူတာရုံတွင် စုံစမ်းဝယ်ယူနိုင် ကြောင်း သိရသည်။
ရုံးပိတ်ရက်ရှည်၊ ပွဲတော်ကာလများတွင် ခရီးသွားလာမှုများပြားချိန် လက်ရှိပြေးဆွဲပေးနေသည့် ရထားများနှင့် လုံလောက်မှုမရှိသည့်အခါမျိုးတွင် အထူးရထားအဖြစ် ပြေးဆွဲပေး ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ခရီးသွားလာမှု အခြေအနေပေါ်မူတည်ပြီး ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင် စသည့်အထူးရထားတချို့ ပြေးဆွဲရန်လည်း စီစဉ်ဆောင်ရွက်ထား ကြောင်း သိရသည်။
စုစု
ဓာတ်ပုံ – အင်တာနက်
သီတင်းကျွတ်ကာလတွင် ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-ပြည် လေအိတ်အထူးရထား ပြေးဆွဲမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်