သိန္နီတိုက်ပွဲကြောင့် နေအိမ်အချို့ပျက်စီးပြီး ဒေသခံတစ်ထောင်ကျော် စစ်ရှောင်ရ

ရန်ကုန်၊ အောက်တိုဘာ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့နယ်၊ မြန်မာ-တရုတ်ကုန်သွယ်ရေး အဓိကစင်္ကြံလမ်းမကြီးပေါ်တွင် ယခုလအတွင်း နှစ်ဖက်တိုက်ပွဲများကြောင့် နေအိမ်အချို့ ပျက်စီးခဲ့ပြီး ဒေသခံတစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း ယမန်နေ့က ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အောက်တိုဘာ ၅ ရက်မှ ၁၀ ရက်အတွင်း မြန်မာ-တရုတ်ကုန်သွယ်ရေး အဓိကစင်္ကြံလမ်းမကြီးပေါ် ၊ သိန္နီနှင့် ချင်းရွှေဟော်ကြားလမ်းပိုင်း၌ တိုက်ပွဲများဖြစ်ပွားခြင်းဖြစ်ကာ ဒေသခံ များ ထွက်ပြေးတိမ်းရှောင်ရခြင်းဟု သိရသည်။

“ အောက်တိုဘာ ၅ ရက်ကစပြီး အဲ့ဒီအဝေးပြေးလမ်းတစ်လျှောက်မှာ တိုက်ပွဲဖြစ်တာ။ တိုက်ပွဲက ရက်ဆက်ဖြစ်ပြီး တော်တော်ပြင်းထန်တယ်။ လက်နက်ကြီးထိလို့ ဒေသခံတစ်ဦး ဒဏ်ရာရပြီး ဒီနေ့အထိ ဒေသခံတစ်ထောင်ကျော် တိမ်းရှောင်နေရတုန်းပဲ။” ဟု ဒေသတွင်းရှိ စစ်ဘေးရှောင်များအား ကူညီပေးနေသူတစ်ဦးက ပြောသည်။

နှစ်ဖက်တိုက်ပွဲများဖြစ်ပွားစဉ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သိန္နီမြို့နယ်၊ ကောင်းချိုကျေးရွာမှ နေအိမ်အတွင်းရှိနေသူ အသက် ၂၅ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ သူက အိမ်မှာအိပ်နေတုန်း အိမ်ဘေးကို လက်နက်ကြီးကျတာ။ ကျည်စက သူ့ရဲ့ကျောကို ဖောက်ဝင်သွားလို့ လားရှိုးဆေးရုံမှာ အရေးပေါ်ဆေးကုသမှု ခံယူလိုက်ရတယ်။ သူ့ဗိုက်ထဲ က သန္ဓေသားလောင်းက သေဆုံးသွားတယ်။” ဟု ဒေသတွင်း စစ်ရှောင်ကူညီပေးသူတစ်ဦးက ပြောပြသည်။

ထိုသို့တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွား၍ သိန္နီမြို့နယ်ရှိ ပိန်းကန်း၊ ကွန်ကောက်၊ ပိန်းဟုန်း၊ ဝမ်ဟယ်၊ တန့်ခန့်၊ နောင်မောင်း၊ ဟိုနောင်၊ ဖိုင်ခမ်းစသည့် ကျေးရွာများမှ ဒေသခံတစ် ထောင်နီးပါးမှာ လက်ရှိအချိန်အထိ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့ပြင် အခြားဒေသများမှ ဒေသခံရာချီမှာ လားရှိုး၊ ဟိုပန်မြို့များနှင့် နီးစပ်ရာဆွေမျိုးများရှိသည့် ကျေးရွာများသို့ သွားရောက်ကာ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

သိန္နီ-ချင်းရွှေဟော် အဝေးပြေးလမ်းမကြီးသည် မြန်မာ-တရုတ်ကုန်သွယ်ရေး အဓိက စင်္ကြံလမ်းမကြီးတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ စီချွမ် စီရင်စု၊ ချန်ဒူးဒေသမှ အိန္ဒိယသမုဒ္ဒရာသို့ ဆက်သွယ်ထားသည့် တရုတ်နိုင်ငံမှ ဆောင်ရွက်နေသော (OBOR) စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။

လက်ရှိ၌ သိန္နီ-ချင်းရွှေဟော် အဝေးပြေးလမ်းမကြီးရှိ အနီးတဝိုက်ဒေသများတွင် နစကတပ်များသာမက KIA ၊ SSPP ၊ TNLAနှင့် PDF တပ်များ လှုပ်ရှားသွားလာလေ့ရှိကာ ယခုလပိုင်းများအတွင်း အပြန်အလှန်တိုက်ပွဲများ မကြာခဏဖြစ်ပွား၍ စစ်ရေးတင်းမာလျက်ရှိနေကြောင်း သိရသည်။

မောင်ဇော်

ဓာတ်ပုံ- ရှမ်းလူ့အခွင့်အရေး မဏ္ဏိုင်အဖွဲ့

#ယနေ့ခေတ်

သိန္နီတိုက်ပွဲကြောင့် နေအိမ်အချို့ပျက်စီးပြီး ဒေသခံတစ်ထောင်ကျော် စစ်ရှောင်ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.