သိန္ဒီ၌ လက်နက်ကြီးကျည်ထိမှန်၍ နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္ဒီမြို့၌ ယမန်နေ့ကတိုက်ပွဲကြောင့် လက်နက်ကြီးကျည်ထိမှန်၍ လူနေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ည ၁၀ နာရီဝန်းကျင်က သိန္ဒီမြို့နှင့် အနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်​ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရပ်ကွက်(၁)အတွင်းသို့ ကျရောက်ခဲ့ပြီး လူနေအိမ်အချို့သို့ ထိမှန်ကာ မီးလောင်ခဲ့ကြောင်း သိရသည်။

“ ရပ်ကွက်(၁)ထဲက စျေးတန်းရပ်ထဲကို လက်နက်ကြီးကျည် ငါးလုံးလောက်ထိမှန်တာ။ အဲ့ဒီနေရာမှာက စျေးတန်းလိုမျိုး လူနေအိမ်နဲ့ ဆိုင်ခန်းတွေ တွဲဖွင့်ထားတာ။ မီးလောင်သွား တာက လက်ဖက်ရည်ဆိုင်၊ ဖုန်းဆိုင်နဲ့ ကုန်စုံဆိုင်တွေအပါအဝင် လူနေအိမ်အချို့လည်း ပျက်စီးသွားတယ်။ ပစ်ခတ်နေကြတာဆိုတော့ မီးကိုသေချာမငြိမ်းနိုင်ခဲ့ဘူး။ မနက် ၆ နာရီ လောက်မှ မီးငြိမ်းသွားတယ်။” ဟု သိန္ဒီမြို့၌နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိခြင်း မရှိသော်လည်း နေအိမ်၊ ဆိုင်ခန်းများဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းက သိန္ဒီ​မြို့အဝင်အနီး၌ တိုက်ပွဲဖြစ်ပွားကာ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လူနေအိမ်အားထိမှန်ပြီး တစ်ဦးသေဆုံးကာ ငါးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ သည်။

အလားတူ နိုဝင်ဘာ ၁၂ ရက်က တိုက်ပွဲကြောင့် သိန္ဒီနှင့် ကျောက်မဲမြို့နယ်ကို ဆက်သွယ်ထားသည့် ကျင်သီတံတားပျက်စီးခဲ့ပြီး ယနေ့အထိ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက် နေကြောင်း သိရသည်။

သိန္ဒီမြို့နယ်နှင့် အနီးတစ်ဝိုက်၌ နှစ်ဖက်တိုက်ပွဲများ မကြာခဏဖြစ်လေ့ရှိကာ ယနေ့အထိ ဒေသခံတစ်သောင်းကျော်မှာ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

သိန္ဒီ၌ လက်နက်ကြီးကျည်ထိမှန်၍ နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.