သိန္ဒီ၌ စစ်ရှောင်တစ်ထောင်ကျော် ရှိနေပြီး စားနပ်ရိက္ခာများ လိုအပ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္ဒီမြို့နယ်၌ တိုက်ပွဲကြောင့် ယနေ့အထိ စစ်ဘေးတိမ်းရှောင်နေရသူ တစ်ထောင်ကျော်ရှိနေကာ စားနပ်ရိက္ခာများ လိုအပ်လျက်ရှိနေကြောင်း ဒေသတွင်း စစ်ရှောင်ကူညီပေးနေသူများက ပြောသည်။

သိန္ဒီမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ခုနစ်ကျောင်းခန့်တွင် ဒေသခံများ ယာယီစစ်ဘေးတိမ်းရှောင်နေရပြီး ၎င်းတို့အတွက် အစားအသောက်များ လိုအပ်ချက်ရှိနေကြောင်း သိရ သည်။

“ ခန့်မှန်းခြေဆို စစ်ဘေးရှောင်တစ်ထောင်နဲ့ နှစ်ထောင်ကြားရှိတယ်။ ရွာတွေကလူတွေအပြင် မြို့ထဲကလူတွေကပါ ဘုန်းတော်ကြီးကျောင်းတွေမှာ စစ်ရှောင်နေရတာ။ သူတို့အတွက် အဓိကလိုအပ်တာ စားနပ်ရိက္ခာတွေပါ။ စေတနာရှင်တွေ လှူဒါန်းပေးဖို့ အလှူငွေကောက်ခံနေတာလည်းရှိပါတယ်။“ ဟု စစ်ရှောင်များအား ကူညီပေးနေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထို့ပြင် တိုက်ပွဲအခြေအနေကြောင့် သိန္ဒီမြို့တွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်လျက်ရှိကာ အခြေခံစားသောက်ကုန်စည်များ စျေးမြင့်တက်လျက်ရှိနေကြောင်း သိရသည်။

“ တိုက်ပွဲကြောင့် စျေးက တအားကြီးသွားတယ်။ ဆန်ကြမ်းတစ်အိတ်ကို တစ်သိန်းသုံးသောင်းနဲ့ ဝယ်ရတယ်။ ကြက်ဥတွေလည်း စျေးတက်တယ်။ စက်သုံးဆီတွေလည်း ဝယ်လို့ မရဘူး။” ဟု သိန္ဒီမြို့၌နေထိုင်သူတစ်ဦးက ပြောသည်။

အောက်တိုဘာ ၃၀ ရက်၊ နံနက်ပိုင်းက တိုက်ပွဲကြောင့် သိန္ဒီမြို့အဝင် လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နမ္မတူချောင်းတံတား ပျက်စီးသွား၍ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ခြင်းဟု သိရသည်။

ထို့ပြင် ယမန်နေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးလျက်ရှိနေ၍ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရကာ စားသောက်ကုန်စည် စျေးနှုန်းများပါ စျေးမြင့်တက်လာခြင်း ဖြစ်သည်။

အောက်တိုဘာ ၂၇ ရက်မှ စတင်ဖြစ်ပွားသည့် နှစ်ဖက်တိုက်ပွဲကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ သိန္ဒီမြို့အပါအဝင် မြို့အများအပြား၌ စစ်ဘေးတိမ်းရှောင်နေရသူ တစ်သောင်း ကျော်အထိရှိနေပြီး စားသောက်ကုန်စည်များ စျေးမြင့်တက်လျက်ရှိနေကြောင်း ဒေသခံများက ပြောကြားသည်။

#မောင်ဇော်

ဓာတ်ပုံ – အနှိုင်းမဲ့ကုသိုလ်လူမှုကူညီးရေးအသင်း

ပုံစာ – သိန္ဒီမြို့နယ်၌ စစ်ဘေးတိမ်းရှောင်နေသူများအား တွေ့ရစဉ်

#ယနေ့ခေတ်

သိန္ဒီ၌ စစ်ရှောင်တစ်ထောင်ကျော် ရှိနေပြီး စားနပ်ရိက္ခာများ လိုအပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.