သိန္ဒီ၌ စစ်ဘေးရှောင် ရှစ်ထောင်ကျော်ရှိကာ တိုက်ပွဲအတွင်း ပိတ်မိနေသူများရှိ

ရန်ကုန်၊ နိုဝင်ဘာ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္ဒီမြို့နယ်၌ စစ်ဘေးရှောင်သူ လူဦးရေရှစ်ထောင်ကျော်ရှိလာကာ တိုက်ပွဲအတွင်း ပိတ်မိနေသူများလည်းရှိကြောင်း ဒေသတွင်း စစ်ရှောင်များအား ကူညီပေးနေသူများက ပြောသည်။

ယနေ့နံနက်ပိုင်းအထိ သိန္ဒီမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ရှောင်စခန်း ၁၀ ခု ထက်မနည်း ဖွင့်လှစ်ထားကာ စစ်ရှောင်သူ ၈၄၀၀ ခန့်ရှိကြောင်း စစ်ရှောင်ကူညီပေးနေသူများက ပြောသည်။ ထို့အပြင် နှစ်ဖက်တိုက်ပွဲများအကြား ပိတ်မိနေသူများလည်းရှိကြောင်း သိရသည်။

“ တချို့ရွာဘက်တွေမှာ စစ်ရှောင်စခန်းတွေကို လာလို့မရပဲ ပိတ်မိနေသူတွေ လည်းရှိတယ်။ မြို့ပေါ်မှာတောင် တချို့နေရာတွေမှာ စစ်ရှောင်စခန်းကို လာလို့မရတဲ့သူတွေ ရှိသေး တယ်။ တိုက်ပွဲကတော့ နှစ်ဖက်အပြန်အလှန် နေ့တိုင်းပစ်နေတာပဲ။ ဖုန်းလိုင်းတွေလည်းမကောင်းတော့ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ရတာလည်း အဆင်မပြေဖြစ်တယ်။” ဟု သိန္ဒီမြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

စစ်ဘေးရှောင်သူများမှာ သိန္ဒီမြို့ပေါ်တွင်သာမက ကျေးရွာများတွင်လည်းရှိပြီး အချို့နေရာများသို့ကူညီနိုင်ရန် ခက်ခဲမှုများရှိနေကြောင်း၊ စစ်ရှောင်များအတွက် စားနပ်ရိက္ခာ အဓိက လိုအပ်သည်ဟု သိန္ဒီမြို့ခံ အနှိုင်းမဲ့ကုသိုလ် လူမှုကူညီရေးအသင်းမှ အသင်းသားတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

“ စားစရာ အဓိကလိုအပ်နေတာပါ။ တစ်မြို့နယ်လုံးပဲ စစ်ရှောင်နေရတာ။ မြို့ပေါ်တင် ရှစ်နေရာလောက်ရှိတယ်။ တခြားရွာဘက်မပါသေးဘူး။ လက်လှမ်းမှီသလောက် ကူညီပေး ထားပေမယ့် လက်လှမ်းမမှီတဲ့နေရာတွေလည်း အများကြီးရှိသေးတယ်။” ဟု ၎င်းကပြောသည်။

အောက်တိုဘာ ၂၇ ရက်မှစတင်ဖြစ်ပွားသည့် နှစ်ဖက်တိုက်ပွဲကြောင့် ယနေ့အထိ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ဒေသတစ်ခုလုံးတွင် စစ်ရှောင်စခန်း ၂၀ ခုထက်မနည်း ဖွင့်လှစ်ထား ရပြီး လူဦးရေ နှစ်သောင်းခန့် စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသတွင်း စစ်ဘေးရှောင်ကူညီသူများက ပြောသည်။

#မောင်ဇော်

ဓာတ်ပုံ – အနှိုင်းမဲ့ကုသိုလ်လူမှုကူညီရေးအသင်း

#ယနေ့ခေတ်

သိန္ဒီ၌ စစ်ဘေးရှောင် ရှစ်ထောင်ကျော်ရှိကာ တိုက်ပွဲအတွင်း ပိတ်မိနေသူများရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.