ရန်ကုန်၊ မတ် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္ဒီမြို့နယ်တွင် ရှမ်းပြည်တပ်မတော် SSPP/ SSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားလျက်ရှိကာ စစ်ရေးတင်းမာနေကြောင်း ဒေသခံများက ပြောကြားသည်။
မတ် ၂၆ ရက်မှစ၍ သိန္ဒီမြို့နယ်၊ နမ့်စလပ်ကျေးရွာနှင့် စယ်အူကျေးရွာတို့အနီးတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယမန်နေ့နှင့် ယနေ့တို့တွင်လည်း တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်း သိရသည်။
“ ၂၆ရက်နေ့က SSPP စစ်ကြောင်းကို ကိုးကန့်တပ်က ဒရုန်းနဲ့ပစ်တာကနေ တိုက်ပွဲစဖြစ်တာလို့ သိရတယ်။ အဲ့ဒီမတိုင်ခင် SSPP က ကိုးကန့်တပ်ကို တစ်ခါတိုက်ထားလို့ အခုကိုးကန့် တပ်က ပြန်တိုက်တာလို့လည်း ပြောကြတယ်။ မနေ့ကတော့ ပန့်နားရွာနားမှာ တိုက်ပွဲဖြစ်တာက တော်တော်ပြင်းတယ်။ ဒရုန်းနဲ့အပြင် မြေပြင်မှာပါပစ်ကြတာ။ တိုက်ပွဲကြာချိန်က သုံးနာရီလောက်ကြာတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ယနေ့အထိ နှစ်ဖက်ပစ်ခတ်မှုများ ရှိနေဆဲဖြစ်၍ တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်လျက်ရှိကြောင်း ဒေသခံများက ပြောကြားသည်။
တိုက်ပွဲအခြေအနေနှင့်ပတ်သတ်၍ SSPP အဖွဲ့ဘက်မှ ယမန်နေ့က သတင်းထုတ်ပြန်ရာတွင် မတ် ၂၆ ရက်၊ ညနေပိုင်းက သိန္ဒီမြို့နယ်၊ နမ့်စလပ်ကျေးရွာနှင့် စယ်အူကျေးရွာအကြား လှုပ်ရှားနေသည့် SSPP စစ်ကြောင်းကို ကိုးကန့်တပ်ဘက်မှ တိုက်ခိုက်ရေးဒရုန်းဖြင့်တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ယမန်နေ့ (မတ် ၂၇ ရက်) နံနက်ပိုင်းကလည်း ပန်းနားကျေး ရွာ၊ လယ်ကွက်အတွင်း ကိုးကန့်တပ်မှ အင်အား ၂၀၀ ခန့်က အနီးရှိ SSPP အထူးတပ်စခန်းတစ်နေရာကို တိုက်ခိုက်ရေးဒရုန်းဖြင့် အကြိမ် ၅၀ ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ မြေပြင်အင် အား ၂၀၀ ကျော်ဖြင့် SSPP စခန်းကို ထပ်မံထိုးစစ်ဆင်ရာ သုံးနာရီနီးပါးတိုက်ပွဲဖြစ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
တိုက်ပွဲအတွင်း ကိုးကန့်တပ်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို SSPP မှ ခုခံသည့်အနေအထားဖြင့်သာ တိုက်ခိုက်ခဲ့ပြီး၊ တွေ့ဆုံဆွေးနွေးမှုလမ်းစဉ်ဖြင့် ပြဿနာကိုဖြေရှင်းမည်ဟု SSPP မှ ထုတ်ပြန်ထားသည်။
ထိုထုတ်ပြန်ချက်နှင့်ပတ်သတ်၍ မေးမြန်းနိုင်ရန် SSPP ၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်အား ယနေ့ခေတ်မှဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
ထို့ပြင် တိုက်ပွဲအခြေအနေနှင့်ပတ်သတ်၍ ကိုးကန့်တပ် MNDAA ဘက်မှ ယနေ့နေ့လည်အထိ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
လတ်တလောတွင် သိန္ဒီမြို့အား လက်နက်ကိုင်ပူးပေါင်းအဖွဲ့က ထိန်းချုပ်ထားပြီး MNDAA ၊ KIA ၊ TNLA ၊ SSPP နှင့် PDF စသည့် လက်နက်ကိုင်အဖွဲ့များက ထိုဒေသတွင် စစ်ရေးလှုပ်ရှားလျက်ရှိကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ဓာတ်ပုံ – SSPP info
သိန္ဒီတွင် SSPP နှင့် MNDAA တိုက်ပွဲဖြစ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်