ဝါရှင်တန်၊ ဇွန် ၁၄
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် သားဖြစ်သူဟန်တာဘိုင်ဒန်၏ အမှုကိစ္စနှင့်ပတ်သက်ပြီး လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်လုပ်ဆောင်မည်မဟုတ်ကြောင်း ပြစ်ဒဏ်လျော့ပေါ့ရေးနှင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး အခွင့်အာဏာလည်းမရှိကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။
ဟန်တာဘိုင်ဒန်သည် လက်နက်မှု၊ မူးယစ်ဆေးဝါးမှုများကို ကျူးလွန်ခဲ့ကြောင်း အမေရိကန်တရားသူကြီးများက စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဟန်တာဘိုင်ဒန်သည် ပြီးခဲ့သော ၂၀၁၈ ခုနှစ်က သေနတ်ဝယ်ယူရန် ကြိုးပမ်းမှုများရှိခဲ့သည်ဟု အမေရိကန်တရားသူကြီးများက စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါအမှုကို ဆက်လက်စစ်ဆေးစီရင်မည်ဖြစ်ပြီး အမှုကိုအပြီးသတ်ဆုံးဖြတ်ချက်ချချိန်တွင် ဟန်တာဘိုင်ဒန်သည် ထောင်ဒဏ် ၂၅ နှစ်အထိ ပြစ်ဒဏ်ကျခံရဖွယ်ရှိသည်ဟု သ တင်းများလည်းထွက်ပေါ်ခဲ့သည်။
ဟန်တာဘိုင်ဒန်သည် မူးယစ်ဆေးဝါးသုံးစွဲမှုများနှင့်ပတ်သက်ပြီးလည်း လိမ်လည်မှုများကျူးလွန်ခဲ့ကြောင်း Delaware မြို့ တရားသူကြီးတစ်ဦးက ပြောသည်။
ဟန်တာဘိုင်ဒန်သည် လက်ရှိတာဝန်ထမ်းဆောင်နေသည့် အမေရိကန်သမ္မတများ၏သားသမီးသမိုင်းတွင် ပထမဆုံးအကြိမ် ပြစ်မှုကျူးလွန်သူဖြစ်လာခဲ့ကြောင်း သိရသည်။
အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက “ သမ္မတနဲ့ သမ္မတကတော်ဟာ သားဖြစ်သူကို ချစ်ခင်နှစ်သက်တယ်။ ဒါကြောင့် သူတို့သားကို ကူညီထောက်ပံ့ပေးတာတွေ လုပ်ဆောင်ကောင်းလုပ်ဆောင်နိုင်တယ်။ ကျွန်မအနေနဲ့ ဒီထက်ပိုပြီးမသိသလို ပိုပြီးလည်းပြောလို့မရဘူး။” ဟု ပြောသည်။
သမ္မတဂျိုးဘိုင်ဒန်သည် သားဖြစ်သူ၏အမှုကိစ္စအပေါ် တရားသူကြီးများ၏ စစ်ဆေးတွေ့ရှိမှုများထွက်ပေါ်လာခဲ့ပြီးနောက် ဇွန်လ ၁၂ ရက်နေ့တွင် Delaware မြို့သို့ မမျှော်လင့်ဘဲသွားရောက်ခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
bbc.com/news
သားဖြစ်သူ၏အမှုကိစ္စနှင့်ပတ်သက်ပြီး သမ္မတဂျိုးဘိုင်ဒန်အနေဖြင့် လုပ်ပိုင်ခွင့်ကိုကျော်လွန်လုပ်ဆောင်လို့ရမည်မဟုတ်ဟု အမေရိကန်အစိုးရ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်