သာပေါင်း၊ ဖေဖော်ဝါရီ ၂၆
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်တွင် နွေစပါးများစတင်စိုက်ပျိုးရန် ပြင်ဆင်နေရာ လက်ရှိလယ်ထွန်စက်ခဈေးများ ယခင်နှစ်ကထက် နှစ်ဆကျော်အထိ ထပ်မံမြင့်တက်လာမှုကြောင့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက်ပျိုးသောအချိန်က လယ်တစ်ဧကကို ထွန်စက်ခငွေ ကျပ် ၆၅,၀၀၀ ဈေးသာရှိခဲ့ပြီး၊ လက်ရှိနွေစပါးစိုက်ပျိုးချိန် လယ်တစ်ဧကထွန်စက်ခငွေ ကျပ် ၁၂၀,၀၀၀ အထိ ဈေးတက်လာခြင်းကြောင့် တောင်သူများ အခက်အခဲများဖြစ်ပေါ်နေကြောင်း သာပေါင်းမြို့နယ်မှ တောင်သူတစ်ဦးက ပြောသည်။
”အရင်ကထက် နှစ်ဆကျော်ကျော်အထိ တက်သွားတာ။ လယ်လုပ်ဖို့ စိတ်ပါကုန်လာတယ်။ ဒီအတိုင်ဆိုမလွယ်ဘူး။ မတက်တာဘာမှမရှိဘူး။ ဆီဈေးတက်၊ မြေသြဇာဈေးတက်၊ ရိတ်ခြွေခတက်၊ အခုလယ်ထွန်စက်ခဈေး ထပ်တက်တော့ ဒုက္ခရောက်ပြီ။ ကိုယ်သာ ငှားရမ်းလုပ်ဖို့ပြင်နေတာ၊ အခြားတောင်သူတွေက စရိတ်မရှိလို့ နွေစပါးစိုက်ဖို့ ဘာမှကိုမလုပ် ကြသေးဘူး။” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။
လယ်ထွန်စက်ခဈေးနှုန်းများ ယခင်ထက်နှစ်ဆခန့် ထပ်မံတက်လာခြင်းသည် စက်သုံးဆီဈေး၊ စက်အထွေထွေသုံးပစ္စည်း ကုန်ကျစရိတ်ဈေးများ ထိုးတက်နေခြင်းကြောင့်ဖြစ်ပြီး လယ်တစ်ဧက ထွန်စက်ခငွေ ကျပ် ၁၂၀,၀၀၀ အထိ အတက်ဈေးဖြင့်အငှားလိုက်နေသော်လည်း ထွန်စက်ခအမြတ်ငွေ ကျပ် ၁၀,၅၀၀ သာကျန်သည်ဟု လယ်ထွန်စက်အငှားလိုက်သည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
”အရင်က ၆၅,၀၀၀ နဲ့အငှားလိုက်တာ ကိုယ့်အတွက် ၃၅,၀၀၀ အထိကျန်တယ်။ အခု ၁၂၀,၀၀၀ နဲ့အငှားလိုက်တာ ကိုယ့်အတွက် ၁၀,၅၀၀ လောက်ပဲကျန်တယ်။ ဒါပဲ၊ ဒါမြင့်ဆုံးပဲကျန်တယ်။ ထွန်စက်မှာ အဓိကအသုံးပြုရတဲ့ စက်သုံးဆီဈေးက ဒီလောက်တက်နေတာလေ။ အခုက အလုပ်လုပ်ရတာက အလုပ်ရှိတယ်ဆိုတာ သာသာပဲရှိတယ်။ လယ်သမားတွေလည်း အဆင်ပြေဘူး။ ကျွန်တော်တို့လည်း အဆင်ပြေမနေပါဘူး။ အရှုံးဆက်ရှိလာရင်တော့ မလုပ်တော့ဘူး။ နားပဲနားနေလိုက်မယ်။” ဟု ၎င်းကဆက်ပြောသည်။
ဧရာဝတီတိုင်းတွင် လယ်ထွန်စက်ခဈေးများ ထိုးတက်လာသည့်အတွက် အခက်အခဲဖြစ်နေရသည့်အပြင် စပါးဈေးမတည်ငြိမ်ခြင်း၊ ရွှေခရုများဖျက်ဆီးခြင်း၊ ဓာတ်မြေသြဇာဈေးတက်လာသည့် အတွက် လိုသလောက် မသုံးစွဲခဲ့ရခြင်း၊ စပါးဖျက်ပိုးများကျခဲ့ရခြင်း၊ စိုက်ပျိုးစရိတ်မတတ်နိုင်တဲ့အတွက် မစိုက်ပဲထားခဲ့ရခြင်း စသည့်အခြေအနေအခက်အခဲများလည်းဖြစ်ပေါ်နေကြောင်း သိရသည်။
ထို့သို့သော အခြေအနေများကြောင့် ယခုနှစ်မိုးစပါးများအထွက်နှုန်း စပါးတစ်ဧကလျှင် ပျှမ်းမျှ ၇၈ တင်းနှုန်းသာထွက်ရှိခဲ့ပြီး၊ နိုင်ငံရေးအပြောင်းအလဲမဖြစ်ခင်အချိန်က စပါးတစ်ဧကကို ပျှမ်းမျှတင်း ၁၀၀ အထိထွက်ရှိခဲ့သည်ဟု သိရသည်။
ခန့်ခန့်
ယနေ့ခေတ်
သာပေါင်းမြို့နယ်တွင် နွေစပါးစိုက်ချိန် လယ်ထွန်စက်ခဈေးနှုန်း နှစ်ဆကျော်မြင့်တက် တောင်သူများအခက်တွေ့ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်