သာပေါင်း၊ ဧပြီ ၁၈
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ကျီးပင်ကျေးရွာအုပ်စုတွင် စစ်မှုထမ်းကိစ္စများဆောင်ရွက်နေသည့် အုပ်ချုပ်ရေးမှူးတစ်ဦး ဧပြီလ ၁၆ ရက်(သင်္ကြန်အတက်နေ့)က ဓားဖြင့်အခုတ်ခံရပြီး ဆေးရုံတင်လိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။
ဓားဖြင့်အခုတ်ခံရသည့် အုပ်ချုပ်ရေးမှူးသည် ကျီးပင်ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး(အသက် ၄၀ ကျော်)မြင့်လွင်ဖြစ်ပြီး၊ နေအိမ်ထဲတွင်တစ်ဦးတည်းရှိနေချိန် လူငယ်တစ်ဦးလာရောက်ပြီး ဓားဖြင့်ခုတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ အခု ဓားနဲ့အခုတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းကိစ္စတွေမှာ ဦးဆောင်လုပ်နေတာ။ သု့ကို အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး လူငယ်တွေကမကျေနပ်ကြတာရှိတယ်လေ။ အခုအုပ်ကြီးက လူမုန်းအရမ်းများတာ။ အခုတော့ ဒီလိုဓားထိုးခံရတာပဲ။ မသေသေးဘူး ဆေးရုံတော့တင်လိုက်ရတယ်တဲ့။” ဟု ၎င်းကဆက်ပြောသည်။
ဓားဖြင့်အခုတ်ခံရသည့် အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်သည် ပြင်းထန်သည့်ဒဏ်ရာ နှစ်ချက်ထက်မနည်းရရှိပြီး၊ သာပေါင်းမြို့နယ်၊ အသုတ်မြို့၊ ဒေါင့်ကြီးတိုက်နယ်ဆေးရုံတွင် ဆေးကု သမှုခံယူနေရကြောင်း သိရသည်။
“ အခု ဓားခုတ်ခံရတဲ့အုပ်ကြီးကို ဆေးရုံတင်ထားရတယ်။ တပ်ကတော့ မြေပြင်စစ်ဆေးနေတယ်။ အခုအထိတော့ ကျူးလွန်သူကို မမိသေးပါဘူး။” ဟု သာပေါင်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ဓားဖြင့်အခုတ်ခံရသည့် မကျီးပင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးသည် အုပ်ချုပ်ရေးမှူးအဖြစ်ခင်က ကြံခိုင်ရေးပါတီ၏ ကျးရွာစည်းရုံးရေးမှူးတစ်ဦးဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်ကလည်း ကျုံပျော်မြို့နယ်၊ မဲဂရက်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဖိုးဆောင်းဆိုသူသည် မဲဂရက်-ရွားခဲလမ်းမပေါ်၌ သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသေးကြောင်း ဒေသခံများထံမှ သိရသည်။
ခန့်ခန့်
ယနေ့ခေတ်
သာပေါင်းမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ဓားဖြင့်အခုတ်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်