ရန်ကုန်၊ စက်တင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမပေါ် အနော်မာထိပ်တွင် အမျိုးသားတစ်ဦး ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးနေကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာ ၁၀ ရက်၊ ည ၁ နာရီကျော်တွင် အသက် ၃၀ ဝန်ကျင် အမျိုးသားတစ်ဦး ထိုးသွင်းဒဏ်ရာဖြင့်တွေ့ရရာ တာဝန်ကျရဲအရာရှိများက စစ်ဆေးခဲ့ပြီး ဒို့ညီနောင် နာရေးနှင့်လူမှုကူညီရေးအသင်မှ ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“မနေ့က ညသန်းခေါင်ကျော်ကပဲ တွေ့တာ။ အသက်က ရဲစစ်ဆေးချက်အရတော့ ၃၀ လားပဲဗျ။ ဒီနေ့မဟုတ်ဘူး။ မနေ့က ၁ နာရီကျော်နောက်ပိုင်းပဲ ရဲတွေက စစ်ချက်တွေယူ၊ ပြီးတော့မှဆေးရတာ။ ရဲခွင့်ပြုချက်ရမှ ကိုင်လို့ရတာ။ ခွင့်ပြုချက်မရရင် ကိုင်လို့မရဘူး။ ဧရာဝဏ်လမ်းပေါ်မှာခင်ဗျ။ ကျွန်တော်တို့ ရန်ကုန်ဆေးရုံကြီး ရေခဲတိုက်ကို ပို့ခဲ့တာဗျ။ စခန်းကလူတွေလည်းပါတယ်” ဟု ဒို့ညီနောင် နာရေးနှင့်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ပြောသည်။
သေဆုံးသူအမျိုးသားအား တာဝန်ရှိသူများက ရန်ကုန်ဆေးရုံကြီး ရေခဲတိုက်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက်နေ့ကလည်း ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇဥယျာဉ်မြို့တော်၊ သီတာပန်းခြံအနီး တက္ကစီယာဉ်မောင်းတစ်ဦး ဓားဖြင့်ထိုးခံရပြီး ဖုန်းနှင့်ငွေသားများ လု ယက်မှုဖြစ်ပွားခဲ့သည်။
ထို့အပြင် ဩဂုတ်လ ၃၀ ရက်နေ့ကလည်း ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ မြောင်းကြီးလမ်း နေအိမ်တစ်ခုတွင် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို သူနှင့် ရင်းနီးသည့် အနှေး ယာဉ်မောင်သူတစ်ဦးနှင် အပေါင်းအပါများက နေအိမ်၌ သတ်ဖြတ်၍ ပစ္စည်းလုယက်မှု ဖြစ်ပွားခဲ့သေးသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-ဒို့ညီနောင် နာရေးနှင့် လူမှုကူညီရေးအသင်း
သာကေတာမြို့နယ် ဧရာဝဏ်လမ်းမပေါ်တွင် အမျိုးသားတစ်ဦး ထိုးသွင်းဒဏ်ရာနှင့် သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်