ဝါရှင်တန်၊ ဇွန် ၂၈
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် အနာဂတ်တွင် ရာဇဝတ်မှုဖြင့် တရားစွဲခံရဖွယ်ရှိနေကြောင်း သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ပထမဆုံးအကြိမ်ပြုလုပ်သော စကားစစ်ထိုးပွဲတွင် ထည့်သွင်းပြောဆိုလိုက်သည်။
ဂျိုးဘိုင်ဒန်နှင့် ဒေါ်နယ်ထရမ့်တို့သည် ရုပ်သံမှတဆင့် စကားစစ်ထိုးစစ်ပွဲကို ဇွန်လ ၂၇ ရက်နေ့တွင် ပထမဆုံးအကြိမ်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က “ လက်ရှိအချိန်မှာ ဂျိုးဘိုင်ဒန်ရဲ့သားဖြစ်သူဟာ သေနတ်ကိုင်ဆောင်မှုအပါအဝင် ရာဇဝတ်မှုတွေနဲ့ အပြစ်ရှိကြောင်းစစ်ဆေးတွေ့ရှိထားတယ်။ ဂျိုးဘိုင်ဒန်ဟာလည်း သမ္မတရားထူးက အနားယူသွားချိန်မှာ ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုခံရဖွယ်ရှိနေပါတယ်။ ဂျိုးဘိုင်ဒန်ဟာ သူလုပ်ခဲ့သမျှအရာအားလုံးအတွက် တရားစွဲခံရဖွယ်ရှိနေပါတယ်။ ဂျိုးဘိုင်ဒန်ဟာ ကြောက်စရာကောင်းတဲ့အရာတွေကို လုပ်ခဲ့တယ်။” ဟု ပြောသည်။
ဒေါ်နယ်ထရမ့်နှင့် ဂျိုးဘိုင်ဒန်တို့သည် စကားစစ်ထိုးပွဲကို မိနစ် ၉၀ကျော်ကြာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ဒေါ်နယ်ထရမ့်က လက်ရှိသမ္မတဂျိူးဘိုင်ဒန်၏ စီးပွားရေး၊ လူဝင်မှုကြီးကြပ်ရေးမူဝါဒများအပြင် ယူကရိန်းစစ်ပွဲအပေါ်တုံ့ပြန်မှုများ၊ အာဖန်ဂန်နစ္စတန်စစ်ပွဲမှ အမေရိကန်တပ်ဖွဲ့များ ပြန်ရုတ်သိမ်းရခြင်းများကို ဝေဖန်ပြစ်တင်ခဲ့သည်။ ဂျိုးဘိုင်ဒန်ကလည်း ဒေါ်နယ်ထရမ့်ကို ပြဿနာများကို ကိုယ်တိုင်ဖန်တီးနေသူတစ်ဦးဖြစ်ကြောင်း ဝေဖန်ပြစ်တင်ခဲ့ပြီး ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုများကို ဒေါ်နယ်ထရမ့် ဖန်တီးခဲ့သည်ဟု ဝေဖန်ပြစ်တင်ထားသည်။
ဂျိုးဘိုင်ဒန်က “ ဒေါ်နယ်ထရမ့်ဟာ လက်ရှိအချိန်မှာ ရာဇဝတ်မှုတွေနဲ့စွဲချက်တွေကို ရင်ဆိုင်နေရသူဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အဲဒီ စွဲချက်တွေနဲ့ပတ်သက်ပြီး ပြစ်ဒဏ်ပေးခံရ ဖွယ်ရှိနေပါတယ်။” ဟု ပြောသည်။
ကောင်းထက်ငွေ
foxnews.com
Photo: Justin Sullivan/Getty Images
သမ္မတဂျိုးဘိုင်ဒန်သည် အနာဂတ်တွင် ရာဇဝတ်မှုဖြင့်တရားစွဲခံရဖွယ်ရှိနေဟု ဒေါ်နယ်ထရမ့် ဝေဖန်တိုက်ခိုက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်