သဘောတူညီချက်ရလျှင်လည်း ယူရေနီယံကို ဆက်လက်ဖြည့်တင်းမည်ဟု အီရန်ပြောကြား

တီဟီရန်၊ မေ ၁၉

အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရာဂ်ချီက ၎င်းတို့၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်နေသော်လည်း ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် သဘောတူညီချက်ရလျှင်လည်း ယူရေနီယံကို ဆက်လက်ဖြည့်တင်းနေမည်ဖြစ်ကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

“တကယ်လို့ အီရန်မှာ နျူကလီးယားလက်နက်မရှိစေရေး အမေရိကန်က စိတ်ဝင်စားတယ်ဆိုရင်တော့ သဘောတူညီချက်က အလှမ်းဝေးပြီး၊ အဲဒီရလဒ်ကို ထာဝရသေချာစေမယ့် အဖြေတစ်ခုရရှိဖို့ လေးနက်တဲ့ဆွေးနွေးမှုတစ်ခုအတွက် ကျွန်တော်တို့အသင့်ရှိပါတယ်” ဟု အာရာဂ်ချီက X တွင် ရေးသားခဲ့သည်။

“သို့သော် အီရန်တွင် ယူရေနီယမ်ကြွယ်ဝမှုသည် သဘောတူညီချက်တစ်ခု(သို့မဟုတ်)မပါဘဲ ဆက်ရှိနေလိမ့်မည်” ဟု ၎င်းကပြောကြားခဲ့သည်။

လက်ရှိတွင် အီရန်သည် ယူရေနီယမ်ကို ၆၀ ရာခိုင်နှုန်းအထိ ဖြည့်တင်းပေးနေပြီး၊ ၂၀၁၅ ခုနှစ် သဘောတူညီချက်တွင် သတ်မှတ်ထားသည့် ၃ ဒသမ ၆၇ ရာခိုင်နှုန်း ကန့်သတ်ချက်ထက် အဆပေါင်းများစွာကျော်လွန်သော်လည်း နျူကလီးယားထိပ်ဖူးအတွက် လိုအပ်သော ၉၀ ရာခိုင်နှုန်းအောက်သာရှိနေသည်။

တီဟီရန်က ၎င်း၏နျူကလီးယားရည်မှန်းချက်များသည် အရပ်ဘက်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီး လုံးဝငြိမ်းချမ်းသည်ဟု ဆိုသည်။

ငြိမ်းချမ်းသောရည်ရွယ်ချက်အတွက် ယူရေနီယမ်ကို ဆက်လက်ဖြည့်တင်းရန် ၎င်း၏အခွင့်အရေးသည် ညှိနှိုင်း၍မရသော်လည်း ယူရေနီယံမည်မျှကြွယ်ဝပြီး မည်သည့်အဆင့်အထိ ယာယီကန့်သတ်ချက်များကို ဖွင့်ထားမည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင် အီရန်အဏုမြူစွမ်းအင်အေဂျင်စီအကြီးအကဲ မိုဟာမက် အက်စ်လာမီက တီဟီရန်သည် နျူကလီးယားစစ်အင်အားမရှာဘူးဟု ထပ်လောင်းပြောကြားခဲ့ပြီး ယူရေနီယမ်ကြွယ်ဝမှုသည် ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်ရေးအဖွဲ့၏ ကြီးကြပ်မှုအောက်တွင်ရှိကြောင်း ပြောကြားခဲ့သည်။

“ ယူရေနီယမ်ကြွယ်ဝမှုကို ဖျက်သိမ်းတာကို အီရန်ကလက်မခံပါဘူး” ဟု အာရာဂ်ချီက ပြောကြားခဲ့သည်။

၂၀၁၅ နျူကလီးယားသဘောတူညီချက်အရ အစ္စလာမ္မစ်သမ္မတနိုင်ငံအပေါ် ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများကို ပြန်လည်ချမှတ်ရန်စဉ်းစားနေသည့် ဥရောပအင်အားကြီးနိုင်ငံများနှင့် ယုံကြည်မှုပြန်လည်တည်ဆောက်ရန် အဆင်သင့်ရှိကြောင်း အာရာဂ်ချီက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

“ အီရန်ဟာ ဥရောပနဲ့ဆက်ဆံရေးမှာ ကဏ္ဍသစ်တစ်ခုစတင်ဖို့ စစ်မှန်တဲ့ဆန္ဒနဲ့ လွတ်လပ်တဲ့ချဉ်းကပ်မှုကို လိုက်နာမယ်ဆိုရင် အီရန်က အဆင်သင့်ပါပဲ” ဟု တီဟီရန်ပြုလုပ်သည့် သံတမန်ရေးရာဖိုရမ်တွင် အာရာဂ်ချီက ပြောကြားခဲ့သည်။

“ ဥရောပက ဒီလမ်းကြောင်းကို ပြုပြင်လိုတဲ့ ဆန္ဒရှိရင်၊ အပြန်အလှန်ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့နဲ့ ဆက်ဆံရေးတိုးချဲ့ဖို့ အီရန်က အတားအဆီးမရှိဘူးလို့ မြင်ပါတယ်။” ဟု အာရာဂ်ချီက ဆိုသည်။

သောကြာနေ့တွင် အီရန်အကြီးတန်းသံတမန်များသည် အမေရိကန်နှင့် အီရန်နျူကလီးယား ညှိနှိုင်းမှုအခြေအနေနှင့်ပတ်သက်၍ ဆွေးနွေးရန်အတွက် ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့မှအရာရှိများနှင့် တွေ့ဆုံခဲ့သည်။

Ref: Bangkok Post

#ယနေ့ခေတ်

သဘောတူညီချက်ရလျှင်လည်း ယူရေနီယံကို ဆက်လက်ဖြည့်တင်းမည်ဟု အီရန်ပြောကြား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.