ရန်ကုန်၊ နိုဝင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၊ အမှတ်(၂)လမ်းမကြီး၊ ကုလားဝဲတံတားအနီးတွင် နိုဝင်ဘာ ၁၉ ရက်၊ နံနက် ၃ နာရီက ဆီဘောက်ဆာတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
သီလဝါဆိပ်ကမ်းမှဆီဖြည့်ပြီး ရန်ကုန်သို့ပြန်လာသည့် ဆီဘောက်ဆာတစ်စီးသည် ကုလားဝဲကျေးရွာ၊ အမှတ်(၂) လမ်းမကြီး၊ ကုလားဝဲတံတားအနီးတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မိနစ် ၄၀ ခန့်ကြာငြိမ်းသတ်ခဲ့ရပြီး ကျပ်သိန်း ၁၀၀ ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
“ သီလဝါဆိပ်ကမ်းကနေ စက်သုံးဆီသယ်ဆောင်လာတဲ့ ဆီဘောက်ဆာယာဥ်တစ်စီးလုံး မီးလောင်သွားတာပါ။ လူထိခိုက်မူအနည်းငယ်သာရှိခဲ့ပါတယ်။ မော်တော်ယာဥ်နဲ့ စက်သုံးဆီ ကျပ်သိန်း ၁၀၀ ခန့်မှန်း ပျက်စီးဆုံးရှုံးမှုရှိခဲ့ပါတယ်။” ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မီးလောင်မှုဖြစ်ပွားရာသို့ တောင်ပိုင်းခရိုင်မီးသတ်စခန်း၊ အရှေ့ပိုင်းခရိုင်မီးသတ်စခန်း၊ သန်လျင်မြို့နယ်မီးသတ်စခန်းတို့အပြင် လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းကူညီပေးခဲ့ကြောင်း သိရသည်။
အလားတူ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်၊ ည ၇ နာရီ ၂၈ မိနစ်ကလည်း သန်လျင်မြို့နယ်၊ သန်လျင်-ကျောက်တန်းလမ်းမပေါ်၊ GTC ကျောင်းရှေ့တွင် ဆီဘောက်ဆာယာဥ်နှစ်စီးတိုက်မှုကြောင့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
#မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
#ယနေ့ခေတ်
သန်လျင် ကုလားဝဲတံတားအနီးတွင် စက်သုံးဆီသယ်ယာဉ်တစ်စီး မီးလောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်