သန်လျင်တံတားအမှတ် (၃) ယနေ့ဖွင့်လှစ်

ရန်ကုန်၊ ဇွန် ၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်နှင့် ရန်ကုန်အရှေ့ပိုင်းခရိုင် သာကေတမြို့နယ်တို့ကို ဆက်သွယ်တည်ဆောက်ထားသည့် ပဲခူးမြစ်ကူး သန်လျင်တံတားအမှတ် (၃) ကို ဇွန် ၈ ရက်၊ နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့​ကြောင်း ​သန်လျင်မြို့​နေသူများထံက စုံစမ်းသိရှိရသည်။

“ ဒီ​နေ့မနက်ပိုင်း ကျိုက်​ခေါက်ဘုရားလမ်းမကြီးတစ်​လျှောက် လမ်း​တွေပိတ်ထားတယ်။ လူကြီးလမ်း​ကြောင်းလို့​ပြောတယ်။ ​နောက် ၉ နာရီ​လောက် ရန်ကုန်မြို့ထဲသွား​တော့ တံတားဖွင့်ပွဲကျင်းပ​နေတယ်။ ဘယ်သူ​တွေလာတယ်ဆိုတာ​တော့ မသိရပါဘူး။ မွန်းတည့် ၁၂ နာရီခွဲကျ​တော့ ပဲခူးမြစ်ကူး သန်လျင်တံတားအမှတ် (၃) က​နေ ဖြတ်သန်းခွင့်​ပေးလိုက်တယ်။ သန်လျင်အမှတ် (၁) တံတား​တော့ သုံးစွဲခွင့်ပိတ်ထားလိုက်တယ်။” ဟု သန်လျင်မြို့​နေသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါ ပဲခူးမြစ်ကူး သန်လျင်တံတားစီမံကိန်းကို ဂျပန်နိုင်ငံအစိုးရ (JICA) အကူအညီဖြင့် ဂျပန်နိုင်ငံ၏ ချေးငွေ ဂျပန်ယန်း ၃၁ ဘီလီယံ အကုန်ကျခံတည်ဆောက်ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် စတင်တည်ဆောက်ခဲ့ကာ ၂၀၂၁ ခုနှစ်၊ ​ဖေ​ဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီအထိ တစ်နှစ်ခန့်ကြာ တံတားတည်​ဆောက်​ရေးရပ်နားခဲပြီး ၂၀၂၂ ခုနှစ်မှ ပြန်လည်တည်​ဆောက်​ရေးလုပ်ငန်း ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ပဲခူးမြစ်ကူး သန်လျင်တံတားအမှတ် (၃)သည် ​အသွားနှစ်လမ်း၊ အပြန်နှစ်လမ်း လေးလမ်းတံတားစနစ်ဖြစ်ပြီး၊ ယာဉ်တစ်စီးချင်းခံနိုင်ဝန်သည် ၇၅ တန်ဖြစ်ကြောင်း သိရသည်။

သန်လျင်မြို့နယ်၌ သီလဝါအထူးစီးပွားရေးဇုန် & Myanmar International Terminals Thilawa (MITT)သီလဝါဆိပ်ကမ်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိခြင်းကြောင့် ကုန်စည်စီးဆင်းမှုအဝင်အထွက်များကို အထောက်အကူပြုစေမည်ဖြစ်ပြီး အချိန်တိုအတွင်း ဆက်သွယ်သွားလာနိုင်မည်ဖြစ်​ကြောင်း သိရသည်။

အလားတူ ရန်ကုန်တောင်ပိုင်းခရိုင်ရှိ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ ခရမ်းမြို့နယ်နှင့် သုံးခွမြို့နယ်တို့ရှိ ဒေသခံပြည်သူများစွာတို့၏ လူမှုစီးပွားဘဝတိုးတက်မှုများကိုဖြည့် ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပဲခူးမြစ်ကူး သန်လျင်တံတားအမှတ် (၃) ​ပေါ်တွင် ​မော်​တော်ယာဉ်များကို မွန်းတည့် ၁၂ နာရီခွဲမှစတင်၍ ဖြတ်သန်းခွင့်ပြုလိုက်ပြီး လမ်းတံတား​ကြေးကောက်ခံခြင်းမရှိ​သေး​ကြောင်း သိရသည်။

အဆိုပါ တံတားသည်အရှည် ၃၅၀၀ မီတာရှိပြီး ပင်မတံတားအကျယ် ၂၂ ဒသမ ၉ မီတာ၊ ရေလမ်းကင်းလွတ်အမြင့် ၁၃ မီတာရှိ​ပြီး ဂျပန်နည်းပညာဖြင့် ဂျပန်အတိုင်ပင်ခံအင်ဂျင်နီယာများက တည်ဆောက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

မြင့်မြတ်​အောင်မြင် 

ဓာတ်ပုံ – MMAM

သန်လျင်တံတားအမှတ် (၃) ယနေ့ဖွင့်လှစ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.