သထုံ၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှင့်ဘုန်းကြီးကျောင်းပေါ်သို့ သစ်ပင်လဲကျ ၅ ဦးထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၁

သထုံမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များပေါ်သို့ သစ်ပင်များလဲကျခဲ့သဖြင့် ထိခိုက်ဒဏ်ရာရသူများရှိခဲ့ကြောင်း ဒေသ ခံလူမှုကူညီရေးအသင်းထံမှ သိရသည်။

ဇူလိုင်လ ၃၁ ရက်၊ ညနေပိုင်း ၃ နာရီ ၁၅ မိနစ်ဝန်းကျင်က သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ ကြေးသွန်းဘုရားအနောက်လမ်း၊ သိမ်ချောင်ဝင်းရှိ လုံးပတ် ၇ ပေ၊ အမြင့် ၃၅ ပေခန့်ရှိ ညောင်ပင်တစ်ပင် အမြစ်မှကျွတ်၍ ဘုန်းကြီးကျောင်းဆောင်နှင့် နေအိမ်ပေါ်သို့လဲကျခဲ့ကြောင်း သိရသည်။

“ ညောင်ပင်လဲတဲ့ အရှိန်ကြောင့် အုန်းပင်ပါလဲသွားတယ်၊ ဘုန်းကြီးကျောင်းကတော့ ဆွမ်းစားဇရပ်အမိုး ပျက်စီးသွားတယ်” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောကြားသည်။

ထို့နောက် ဇူလိုင်လ ၃၁ ရက်၊ ည ၁၀ နာရီဝန်းကျင်က သထုံဘူတာဝင်းအတွင်း မီးရထားလိုင်းခန်းရှိ နေအိမ်တစ်လုံးပေါ်သို့ လေပြင်းတိုက်ခတ်မှုအရှိန်ကြောင့် လုံးပတ် ၄ ပေ၊ အမြင့် ၂၀ ပေရှိ ကုက္ကိုလ်ပင်တစ်ပင် အမြစ်မှကျွတ်ထွက်၍ ပိမိခဲ့သဖြင့် နေအိမ်အတွင်းရှိ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးသုံးဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ ခုရက်ပိုင်းမိုးက အဆက်မပြတ်ရွာနေတာ၊ ရွာတာနဲ့လေကပါလာရော၊ ဂရုစိုက်ပြီးနေနေရတယ်” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူများအား အကြင်နာတွဲလက်လူမှုကူညီရေးအသင်းမှ သထုံပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

နေပိုင်ဇော်

ဓာတ်ပုံ – ဝင်းဇော်ဦး ( FB )၊ အကြင်နာတွဲလက်အသင်း

#ယနေ့ခေတ်

#လေပြင်းတိုက်

#သထုံမြို့

#Highlight

သထုံ၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှင့်ဘုန်းကြီးကျောင်းပေါ်သို့ သစ်ပင်လဲကျ ၅ ဦးထိခိုက်ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.