သထုံ၊ အောက်တိုဘာ ၄
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စု၊ ကြာပန်းကျေးရွာ၌ အောက်တိုဘာ ၃ ရက်၊ နံနက်ပိုင်းက အငြိမ်းစား တပ်မတော်အရာရှိတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရသူသည် ကြာပန်းကျေးရွာ၊ ကရင်စုရပ်၌နေထိုင်သည့် တပ်မတော်အရာရှိ (အငြိမ်းစား) ဦးဝင်းနောင်ဆိုသူဖြစ်ပြီး အောက်တိုဘာ ၃ ရက်၊ ၁၁ နာရီဝန်း ကျင်က နေအိမ်သို့ အမည်မသိ သေနတ်သမားသုံးဦးရောက်လာပြီး သေနတ်ဖြင့် ပစ်သတ်သွားဖြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရသည့်အတွက် ဦးဝင်းနောင်သည် ဘယ်ဘက်နားထင် ဖောက်ဝင်ဒဏ်ရာ တစ်ချက်နှင့် ညာဘက်ပါး ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး အခင်း ဖြစ်နေရာ၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
” ဦးဝင်နောင်အိမ်က ဈေးရောင်းတယ်။ ဈေးဆိုင်ထဲမှာ ရှိနေတဲ့အချိန် သေနတ်နဲ့ ပစ်ခတ်ခံရတာ။ ဆိုင်ကယ်တစ်စီးနဲ့လာတဲ့ အမည်မသိသေနတ်သမား အမျိုးသားသုံးဦးက ပစ်သွား တာ။ ဦးဝင်းနောင်က အမှတ် (၁) စစ်သားစုဆောင်းရေးတပ်က ဗိုလ်ကြီးအဆင့်နဲ့ အငြိမ်းစားယူထားသူလို့ သိရတယ်။” ဟု အထက်ပါ ဒေသခံတစ်ဦးက ဆက်ပြောသည်။
အခင်းဖြစ်ပွားသည့်နေရာသို့ ရဲတပ်ဖွဲ့နှင့် တပ်အရာရှိများက လာရောက်စစ်ဆေးခဲ့ပြီး သေဆုံးသူ ဦးဝင်နောင်၏အနီးတွင် USA တံဆိပ်ပါ 9mm LUGER အမျိုးအစား ကျည်ခွံနှစ် ခုတွေ့ရှိသဖြင့် သိမ်းဆည်းသွားကြောင်း တာဝန်ရှိသူများနှင့်နီးစပ်သူထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ပထမအပတ်ကလည်း သထုံမြို့နယ်၌ ရဲတပ်သားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အပြင် စက်တင်ဘာလ ဒုတိယအပတ်ကလည်း မွန်ပြည်နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သေးကြောင်း သိရသည်။
ဝဏ္ဏ
သထုံမြို့နယ်တွင် အငြိမ်းစား တပ်မတော်အရာရှိတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်