သထုံတွင် ခရီးသည်တင်ယာဉ်ပေါ် ဒရုန်းဗုံးကျ

ရန်ကုန်၊ မေ ၁၆

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယမန်နေ့က ခေတ္တရပ်ထားသည့် ခရီးသည်တင်ယာဉ်ပေါ်သို့ ဒရုန်းဗုံးတစ်လုံးကျရောက်ပေါက်ကွဲခဲ့ရာ ယာဉ်နှင့် ယာဉ်ပေါ်ပါရှိသောပစ္စည်းအချို့ ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့၊ နေ့လယ် ၁ နာရီကျော်က သထုံမြို့နယ်၊ ရေဝေကျေးရွာဆိုင်းဘုတ်အနီးသို့ ဒရုန်းဗုံးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့ရာ တစ်လုံးမှာ ထိုနေရာအနီး ခေတ္တရပ်တန့်ထားသည့် HIGER အမျိုးအစား အဖြူရောင်ယာဉ်ပေါ်သို့ ကျရောက်ခဲ့၍ ယာဉ်နှင့် ယာဉ်ပေါ်ပါပစ္စည်းအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

“ ဒရုန်းနှစ်စင်းလာဝဲပြီး ခဏလေးအတွင်းမှာ ဗုံးတစ်လုံးက ကားပေါ်ပြုတ်ကျတာ။ အဲ့ဒီအချိန် ကားလမ်းတွေပိတ်နေလို့ ခရီးသည်တွေ အောက်ဆင်းနားနေတုန်းဖြစ်တာလို့ သိရ တယ်။ ကားနဲ့ ကားပေါ်ကပစ္စည်းတွေတော့ မီးလောင်သွားတယ်။ လူတွေတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူး။” ဟု သထုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ဒရုန်းဗုံးကျရောက်ပေါက်ကွဲ၍ ယာဉ်မီးလောင်စဉ် ခရီးသည်များနှင့် အနီးအနားတွင်ရှိနေသူများက ဝိုင်းဝန်းမီးငြိမ်သတ်ခဲ့၍ ခဏအကြာတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်မှာ ရန်ကုန်မှ မြဝတီသို့ပြေးဆွဲနေသည့် ပြည့်အားမာန်ဆိုသည့်ယာဉ်လိုင်းမှ မော်တော်ယာဉ်ဖြစ်ကာ ယာဉ်မီးလောင်မှုကြောင့် ခရီးသည်များလမ်းခရီးနှောင့်နှေးမှုကို ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၁၁ ရက်က မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်အစပ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်၊ မိုင်တိုင်အမှတ် (၁၃၁/၆)နှင့် (၁၃၁/၇) အကြားရှိ ကျုံအိတ်တံ တားမှာ မိုင်းပေါက်ကွဲ၍ တံတားတစ်စင်းလုံးနီးပါးပျက်စီးခဲ့ကာ ယာဉ်များသွားလာ၍မရတော့ကြောင်း သိရသည်။

ထို့ကြောင့် ခရီးသွားများအနေဖြင့် ရန်ကုန်-မော်လမြိုင်ကားလမ်း၏ ရှောင်ကွင်းလမ်းများမှ သွားလာစဉ် ယမန်နေ့က သထုံမြို့နယ်အတွင်း ခရီးသည်တင်ယာဉ်ပေါ် ဒရုန်းဗုံးကျရောက်ခဲ့ခြင်း ဖြစ်သည်။

ကျုံအိတ်တံတားမှာ ယမန်နှစ်ကလည်း မိုင်းခွဲဖျက်စီးခံရစဉ် လာရောက်ပြုပြင်သော ဝန်ထမ်းအချို့ ဒရုန်းဗုံးဖြင့်တိုက်ခိုက်ခံရကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

လက်ရှိတွင် တံတားပြုပြင်နေဆဲဖြစ်၍ ခရီးသည်များမှာ ရှောင်ကွင်းလမ်းများအားအသုံးပြုကာ သွားလာနေရသဖြင့် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်မည်ကို စိုးရိမ်နေကြောင်း သိရ သည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

သထုံတွင် ခရီးသည်တင်ယာဉ်ပေါ် ဒရုန်းဗုံးကျ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.