ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
ကျောက်ဖြူ-ရန်ကုန် လေယာဉ်ခရီးစဉ်အတွက် လေယာဉ်လက်မှတ်ဝယ်ယူရာတွင် သတ်မှတ်ထောက်ခံစာပါမှသာလျှင် လေယာဉ်လက်မှတ်ရောင်းချပေးမည်ဖြစ်ကြောင်း လေ ယာဉ်လက်မှတ်အရောင်းဌာနများမှ စုံစမ်းသိရှိရသည်။
ဖေဖော်ဝါရီ ၁၁ ရက်တွင် ကျောက်ဖြူခရိုင်၊ ထွေအုပ်စည်းဝေးခန်းမ၌ပြုလုပ်သည့် အစည်းအဝေးဆုံးဖြတ်ချက်အရ လာမည့်ဖေဖော်ဝါရီ ၁၅ ရက်မှစတင်ကာ သာမန်လေယာဥ်စီးခရီးသည်များကို ထောက်ခံချက်ပါမှသာ စီးနင်းခွင့်ပြုမည်ဟု ညွှန်ကြားချက်တစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေခြင်းဖြစ်သည်။
“ ဒီသတင်းကမှန်ပါတယ်။ လောလောဆယ် ကျောက်ဖြူလေဆိပ်မှာတော့ စာထုတ်ထားတယ်။ စစ်တွေတော့မပါသေးဘူး။ လေယာဉ်ခရီးစဉ်အတွက် လက်မှတ်ကလည်း ဧပြီလမှပဲရတော့မယ်။” ဟု လေယာဉ်လက်မှတ်အရောင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ညွှန်ကြားစာအရ ပြည်သူများ(ဝန်ထမ်းမဟုတ်သူ) လေယာဉ်ဖြင့်ခရီးသွားလာရန် လေယာဉ်လက်မှတ်ဝယ်ယူပါက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိမှသာ ရောင်းချပေးရန်နှင့် E-Ticket ဖြင့်ဝယ်ယူပါက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်အား လေဆိပ်သို့ယူဆောင်လာစေရေး ဆောင်ရွက်သွားရန် သက်ဆိုင်ရာလေကြောင်းလိုင်းများသို့ အသိပေးအကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများစတင်ဖြစ်ပွားချိန်မှစ၍ ကုန်းလမ်း၊ ရေလမ်းကြောင်းများကိုပိတ်ထားပြီး လေကြောင်းလိုင်းတစ်ခုတည်းသာ ခွင့်ပြုပေးထားခြင်းဖြစ်သည်။
သို့သော် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်လာခြင်းကြောင့် တိုင်းရင်းသားများနှင့် ရခိုင်ပြည်သူအချို့သည် နေ့စဉ်နှင့်အမျှ လေကြောင်းမှထွက်ခွာနေပြီး တစ်ရက်လျှင် အနည်းဆုံး ၅၀၀ နှင့်အထက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်အခြေပြု ပြေးဆွဲပေးနေသည့် လေကြောင်းလိုင်းများမှာ မြန်မာ့လေကြောင်း၊ မန်းရတနာပုံနှင့် Air KBZ တို့ရှိပြီး၊ တစ်ရက်လျှင်အနည်းဆုံး စုစုပေါင်း ၆ ကြိမ်ထက်မနည်း ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ – စီဂျေ
သတ်မှတ်ထောက်ခံစာပါမှသာလျှင် ကျောက်ဖြူ-ရန်ကုန် လေယာဉ်ခရီးစဉ်အတွက် လက်မှတ်ဝယ်ယူနိုင်မည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်