ရန်ကုန်၊ ဇန်နဝါရီ ၂
ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏဘူမိကွင်း (Thuwanabumi Event Park) အတွင်း၌ ယမန်နေ့က လက်လုပ်ဗုံးတစ်လုံးတွေ့ရှိ၍ ဖောက်ခွဲဖျက်စီးခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ယမန်နေ့ နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ သံသုမာလမ်းပေါ်ရှိ သုဝဏ္ဏဘူမိကွင်း၏ အနောက်ဘက် ကားပါကင်ထောင့်တွင် မသင်္ကာဖွယ် PVC ပိုက်တစ်ခုအားတွေ့ရှိ၍ စစ်ဆေးရာမှ လက်လုပ်ဗုံးတစ်လုံးအား တွေ့ရှိခြင်းဟု သိရသည်။
“ နယူးရီးယားညက အဲ့ကွင်းမှာပွဲလုပ်ပြီး မနေ့မနက်က သန့်ရှင်းရေးလုပ်ကြရင်း လုံခြုံရေးတွေက စတင်တွေ့ရှိတာလို့ သိရတယ်။ အဲ့ဒီဗုံးကို အဲ့နေရာမှာပဲ အတားအဆီးလုပ်ပြီး ဖောက်ခွဲခဲ့တယ်” ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အဆိုပါ လက်လုပ်ဗုံးအား PVC ပိုက်တစ်ခု၊ ဓာတ်ခဲတစ်လုံးနှင့် ဝါယာကြိုးတို့နှင့်အတူ ချိတ်ဆက်ထားလျက်တွေ့ရှိရ၍ အဆိုပါကွင်းအတွင်း၌ပင် အတားအဆီးများပြုလုပ်ကာ ဖောက်ခွဲဖျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာ ၅ ရက်၊ နံနက်ပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းပေါ်ရှိ သုဝဏ္ဏရဲစခန်းအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးအဖွဲ့က အနီးရှိ လမ်းများအား ပိတ် ဆို့ကာ စစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့အတူ အောက်တိုဘာ ၉ ရက်က သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းပေါ်ရှိ သုဝဏ္ဏရဲစခန်းနှင့် Max စက်သုံးဆီဆိုင်အနီးတွင် မပေါက်ကွဲ သေးသည့် လက်လုပ်ဗုံးတစ်လုံးအားတွေ့ရှိ၍ အတားအဆီးများပြုလုပ်ကာ ဖောက်ခွဲဖျက်စီးခဲ့ကြောင်း သိရသည်။
ယခုလပိုင်းအတွင်း သင်္ဃန်းကျွန်းမြို့နယ်၌ ပေါက်ကွဲမှုများဖြစ်ခြင်းနှင့် မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးအား တွေ့ရှိသည့်ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ပြီး အနီးရှိ ရပ်ကွက်များသို့ လုံခြုံ ရေးအဖွဲ့များက စစ်ဆေးမှုများရှိကြောင်း သင်္ဃန်းကျွန်း မြို့နယ်အတွင်း နေထိုင်သူများက ပြောသည်။
ဓာတ်ပုံ – စီဂျေ
သင်္ဃန်းကျွန်း သုဝဏ္ဏဘူမိကွင်း၌ လက်လုပ်ဗုံးတစ်လုံးတွေ့ရှိ၍ ဖောက်ခွဲခဲ့ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်