ရန်ကုန်၊ ဒီဇင်ဘာ ၁
ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၌ ယနေ့နံနက်ပိုင်းက အမျိုးသားဒီမိုကရေစီပါတီသစ်၏ ခေတ္တဥက္ကဋ္ဌဖြစ်သူ အမျိုးသားတစ်ဦးအား အမည်မသိလူငယ်နှစ်ဦးက သေနတ်ဖြင့်ပစ်ခတ် ခဲ့၍ သေဆုံးခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ယနေ့ နံနက် ၉ နာရီဝန်းကျင်က သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ အပိုင်း (၃) ၊ ၃ လမ်းရှိ မိတ္တူကူးဆိုင်တစ်ဆိုင်၌ အသက် ၅၄ နှစ်အရွယ် အမျိုးသားဒီမိုကရေစီပါတီသစ်၏ ခေတ္တဥက္ကဋ္ဌဖြစ်သူ ဦးသန်းထွန်းကို အမည်မသိလူငယ်နှစ်ဦးက သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“ အနက်ရောင်အင်္ကျီဝတ်ထားတဲ့ လူငယ်နှစ်ဦးက မိတ္တူဆွဲမယ်ဆိုပြီး ဆိုင်ထဲဝင်လာပြီးတော့ သေနတ်နဲ့ လေးချက်ပစ်သွားတာ။ ဦးသန်းထွန်းက ဆေးရုံအရောက်မှာပဲ ရရှိဒဏ်ရာ တွေနဲ့ သေဆုံးသွားတယ်။” ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ပစ်ခတ်ခံရသူ၌ ဝဲ၊ ယာရင်အုံထိမှန်ဒဏ်ရာတစ်ချက်စီ၊ လက်ဖျံနှင့် လက်မောင်းရင်းတို့ ထိမှန်ဒဏ်ရာတစ်ချက်စီတို့ရရှိခဲ့ကာ၊ သင်္ဃန်းကျွန်း၊ စံပြဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ ကြောင်း သိရသည်။ ထို့ပြင် အခင်းဖြစ်နေရာအနီးမှ 9mm Luger ကျည်ခွံငါးခုတွေ့ရှိရကြောင်း သိရသည်။
ပစ်ခတ်မှုနှင့် ပတ်သတ်၍ ငမိုးရိပ် Network ဆိုသည့် လူမှုကွန်ရက်စာမျက်နှာမှ ရေးသားရာတွင် ဦးသန်းထွန်းသည် နစကအားထောက်ခံရန် ပြောကြားသူဖြစ်ပြီး၊ လုံခြုံရေးအဖွဲ့နှင့် နီးစပ်မှုများရှိသောကြောင့် ၎င်းတို့အဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ထိုအဖွဲ့၏ ထုတ်ပြန်မှုနှင့် ပတ်သတ်၍ ယနေ့ခေတ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပစ်ခတ်ခံရ၍သေဆုံးသူ ဦးသန်းထွန်းမှာ ၈၈ အရေးအခင်းကာလက ကျောင်းသားအဖြစ် နိုင်ငံရေးတွင်ပါဝင်ခဲ့ပြီး၊ NLD ပါတီတည်ထောင်စဉ်က သင်္ဃန်းကျွန်းလူငယ်အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သူဖြစ်ကြောင်း သိရသည်။
ထို့နောက် ၂၀၁၀ ရွေးကောက်ပွဲတွင် ဦးသိန်းညွန့်တည်ထောင်သည့် အမျိုးသားဒီမိုကရေစီပါတီသစ်သို့ ဝင်ရောက်ခဲ့ကာ ဒုဥက္ကဋ္ဌအထိ တာဝန်ထမ်းဆောင်ခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် ဦးသိန်းညွန့်မှာ နစက အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရ၍ ဦးသန်းထွန်းမှာ ယင်းပါတီ၏ ခေတ္တဥက္ကဋ္ဌအဖြစ် တာဝန်ယူနေစဉ် ယနေ့တွင် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ခြင်းဟု သတင်းများအရ သိရသည်။
ဓာတ်ပုံ – စီဂျေ
သင်္ဃန်းကျွန်း၌ အမျိုးသားဒီမိုကရေစီပါတီသစ်၏ ခေတ္တဥက္ကဋ္ဌ ပစ်ခတ်ခံရ၍ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်