ရန်ကုန်၊ ဇန်နဝါရီ ၂၉
သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ လယ်ဆယ်ကန်တွင် ယမန်နေ့ နေ့လည်ပိုင်က အမျိုးသားတစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ ဦးဘဟန်လမ်းရှိ လယ်ဆယ်ကန်တွင် ဇန်နဝါရီ ၂၈ ရက်၊ မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်တွင် အမျိုးသားတစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“ လယ်ဆယ်ကန်ထဲကို အမျိုးသားတစ်ဦး ရေဆင်းကူးတာ တစ်နာရီကျော်ကြာနေပြီ။ ပြန်မတက်လာဘူး။ ဘေးပတ်ဝန်းကျင်ရှိတဲ့လူတွေက မသင်္ကာလို့ သက်ဆိုင်ရာကို ဖုန်းဆက်အကူအညီ တောင်းခံလာတယ်။ ရေနစ်ပြီး သေဆုံးနေမှုကို စိစစ်တွေ့ရှိရပါတယ်။” ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
လယ်ဆယ်ကန်အတွင်း ရေဆင်းကူးသည့်အမျိုးသားတစ်ဦး ရေနစ်နေကြောင်း သတင်းရရှိချက်အရ မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
လယ်ဆယ်ကန်တွင်း ရေနစ်သေဆုံးခဲ့သည့် အမျိုးသား၏ ရုပ်အလောင်းကို နာရီဝက်ခန့်အကြာ ရှာဖွေတွေ့ရှိခဲ့ပြီး၊ Medical လူငယ်လူမှုကူညီရေးအသင်းယာဉ်ဖြင့် သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓါတ်ပုံ – မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့
သင်္ဃန်းကျွန်းမြို့နယ်တွင် အမျိုးသားတစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်