ပုသိမ်၊ ဧပြီလ ၂
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ရှိ ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေသို့ သင်္ကြန်ကာလအားလပ်ရက်များအတွက် ဟိုတယ်အခန်းများ ကြိုတင်အမှာယူမှုများနေသည်ဟု ခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။
ပုသိမ်းမြို့နယ်ရှိ ချောင်းသာနှင့် ငွေဆောင်ကမ်းခြေတို့သို့ လာမည့်သင်္ကြန်ကာလ အားလပ်ရက်တွင် အနားယူအပန်းဖြေရန်အတွက် ဟိုတယ်အခန်းများအားလုံး၏ ၈၀ ရာခိုင်နှုန်းအထိ ကြိုတင်မှာယူမှုရှိနေကြောင်း၊ အဆိုပါကမ်းခြေများသို့ လက်တလော နွေရာသီကျောင်းပိတ်ရက်တွင်လည်း နေ့ချင်းပြန်လာရောက်လည်ပတ်သူ များပြားနေကြောင်း ခရီးသွား လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“ အခုလည်း လာအပန်းဖြေတဲ့သူတွေရှိနေတယ်။ ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေကိုလေ။ နွေရာသီကျောင်းပိတ်ရက်ဖြစ်တာကြောင့် အပန်းဖြေတဲ့သူများနေတာ။ နေ့ချင်းပြန်လာတဲ့သူတွေများတယ်။ လက်ရှိမှာလည်း အဲ့ဒီသင်္ကြန်ကာလတွေအတွက် ဟိုတယ်များမှာ အခန်းကြိုတင်မှာတဲ့သူတွေ များနေပါတယ်။” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်က ငွေဆောင်နှင့်ချောင်းသာကမ်းခြေသည် ခရီးသွားပြည်သူအများဆုံး လာရောက်လည်ပတ်သောကမ်းခြေများဖြစ်ပြီး ချောင်းသာကမ်းခြေတွင် ဟိုတယ် ၃၉ လုံးနှင့် တည်ခိုခန်း ၅၉ လုံးရှိပြီး၊ ငွေဆောင်ကမ်းခြေတွင် ဟိုတယ် ၃၃ လုံးနှင့် တည်ခိုခန်း ၄၆ လုံးဖြင့် ဝန်ဆောင်မှု များပေးနေကြောင်း သိရသည်။
“ ဟိုတယ်တွေဆိုလည်း သင်္ကြန်အတွက် Booking တင်ထားတာတွေ အပြည့်ပဲ။ ဒါပေမယ့်လည်း အရင်ကိုဗစ်မဖြစ်ခင် နိုင်ငံရေးအခြေအနေကောင်းတုန်းကနဲ့ယှဉ်ရင်တော့ နည်း တာပေါ့။ လူတွေက အခုလာကြတယ်ဆိုတာလည်း အရင်လိုအလည်အပတ်မဟုတ်ဘဲ ဟိုတယ်မှာ ခဏလာနားတဲ့ပုံစံမျိုးပဲ။ ခရီးသွားဝင်ရောက်မှုရှိတော့လည်း ဒီဘက်ကဆိုင်တွေ၊ ဈေးသည်တွေအနေနဲ့ အဆင်ပြေတာပေါ့။ ခရီးသွားလာမှ ဝင်ငွေရကြတာလေ။” ဟု ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့်နှစ်များအတွင်း ကိုဗစ်ရောဂါပြန့်ပွားမှုနှင့် နိုင်ငံရေးအခြေအနေများကြောင့် ပြည်တွင်းခရီးသွားလာမှုနည်းပါးခဲ့ပြီး လက်ရှိ မဟာသင်္ကြန်ရုံးပိတ်ရက်ရှည် အကြိုကာလ အတွင်း ခရီးသွားလာမှုများ ပြန်လည်ပတ်လာခြင်းဖြစ်ကြောင်း သိရသည်။
ခန့်ခန့်
ဓာတ်ပုံ- CJ
ယနေ့ခေတ်
သင်္ကြန်ပိတ်ရက်ကာလအတွက် ချောင်းသာနှင့် ငွေဆောင်တွင် ဟိုတယ်အခန်းများ ကြိုတင်အမှာများပြားနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်