သက်ဆိုင်ရာနိုင်ငံများမှ မိမိနိုင်ငံသားများကို အမြန်ဆုံးလာရောက်ခေါ်ယူရန်နှင့် ပိတ်ဆို့ဖြတ်တောက်မှုများကို ပယ်ဖျက်ပေးရန် BGF တောင်းဆို

ရန်ကုန်၊ မတ် ၃

ကမ္ဘာအရပ်ရပ်ရှိ သက်ဆိုင်ရာနိုင်ငံများအနေဖြင့် မိမိနိုင်ငံသားများအား အမြန်ဆုံးလာရောက်ခေါ်ယူကြရန်နှင့် မြန်မာနိုင်ငံနယ်စပ်ဒေသရှိ အပြစ်မဲ့ပြည်သူများ၏ နေ့စဉ်နေထိုင်မှုဘဝကို ထိခိုက်စေသည့် လူသားချင်းစာနာမှုကင်းမဲ့သော ပိတ်ဆို့ဖြတ်တောက်မှုများကို ပယ်ဖျက်ပေးရန် နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်)မှ တောင်းဆိုလိုက်ကြောင်း သိရသည်။

နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်)သည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၏ မမျှော်လင့်ထားသော နောက်ဆက်တွဲဆိုးကျိုးများကြောင့် ဖြစ်ပွားလာသောကိစ္စရပ်များကို နှိမ်နှင်းတိုက်ဖျက်ရန် အစိုးရ၊ နိုင်ငံတကာတို့နှင့် ပူးပေါင်းလက်တွဲဆောင်ရွက်ရန် တရားဝင်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

သို့သော် နိုင်ငံအချို့၊ ကျင့်ဝတ်မရှိသောသတင်းဌာနနှင့် လူပုဂ္ဂိုလ်အချို့တို့သည် ပကတိအခြေအနေမှန်ကို မျက်ကွယ်ပြုကာ နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်) အကြီးအကဲများကို တရားခံသဖွယ်ပြစ်တင်ခြင်း၊ လူ့ဂုဏ်သရေကို ညှိုးနွှမ်းစေသည်အထိ အပြစ်မဲ့မိသားစုများကိုပါ ထိခိုက်နစ်နာစေသည့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခြင်းတို့ကို မရိုး သားသောရည်ရွယ်ချက်များဖြင့် ဆောင်ရွက်တိုက်ခိုက်ခဲ့ကြသည်။

အဆိုးဝါးဆုံးမှာ နယ်စပ်နေ မြန်မာတိုင်းရင်းသားပြည်သူများသည် တစ်ဖက်နိုင်ငံအပေါ် နေ့စဉ်လူမှုစီးပွားဘဝ မှီခိုနေရသည်ကို အခွင့်ကောင်းယူလျက် လူသားချင်းစာနာထောက်ထားမှုကင်းမဲ့စွာဖြင့် လျှပ်စစ်မီးဖြတ်တောက်ခြင်း၊ စက်သုံးဆီနှင့် အသုံးဆောင်များဖြတ်တောက်ခြင်းတို့ကို ဆိုးဝါးစွာပြုမူလျက် အပြစ်မဲ့ပြည်သူများကိုပါ ထိခိုက်နစ်နာအောင် ဆောင်ရွက်ခဲ့ကြကြောင်း BGF ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်)သည် မိမိတို့၏ထုတ်ပြန်ကြေညာချက်အတိုင်း တိကျမြန်ဆန်သည့် အရေးယူဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ပြီး မတရားသောလုပ်ငန်းများကို ဝင်ရောက်စီးနင်းကာ တရားခံများကိုဖမ်းဆီးခြင်း၊ လူကုန်ကူးခံရသူများကို သက်ဆိုင်ရာအစိုးရ ဒေသအာဏာပိုင်များထံသို့ လွှဲပြောင်းခြင်းကို ဆောင်ရွက်ခဲ့ပြီး နိုင်ငံပေါင်း (၃၀)ကျော်မှ နိုင်ငံခြားသား (၇၀၀၀)ကျော်ကို ယနေ့အထိ အခက်အခဲများကြားမှ နေထိုင်စားသောက်ရေး အဆင်ပြေစေရန် ပံ့ပိုးကူညီကျွေးမွေးခြင်း၊ လုံခြုံရေး၊ ကျန်းမာရေးအစရှိသည့် နေ့စဉ်ကိစ္စရပ်များပါမကျန် ကူညီစောင့်ရှောက်ပေးထားကာ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး လွှဲပြောင်းပေးနိုင်ရန် အသင့်ပြင်ဆင်စောင့်ဆိုင်းလျက်ရှိသည်။

သို့ရာတွင် မြန်မာနယ်စပ်ဒေသမြို့ဖြစ်သည့် မြဝတီမြို့အား တစ်ဖက်နိုင်ငံမှ လျှပ်စစ်မီးဖြတ်တောက်ထားခြင်း၊ စက်သုံးဆီဖြတ်တောက်ထားခြင်းနှင့် ဆက်သွယ်ရေးစနစ်ဖြတ်တောက်ထားခြင်းတို့ကြောင့် အဆိုပါပြည်ပနိုင်ငံသားများအပေါ် လူသားချင်းစာနာစွာ ကူညီစောင့်ရှောက်မှုလုပ်ငန်းစဉ်များတွင်လည်း အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း BGF ၏ထုတ်ပြန်ချက်အရ သိရသည်။

နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်)အနေဖြင့် တရားမဝင် ငွေကြေးလိမ်လည်လှည့်ဖျားသည့်လုပ်ငန်းများနှင့် လူကုန်ကူးသည့်လုပ်ရပ်များအား အစိုးရ၊ နိုင်ငံတကာတို့နှင့် လက်တွဲဖြေရှင်းရန်အသင့်ရှိကြောင်း ထပ်မံ၍သတင်းထုတ်ပြန်ထားသည်။

#စုစု

ဓာတ်ပုံ – MOI (တရားမဝင်ရောက်လာသူများကို ပြန်လည်စိစစ်လွှဲပြောင်းနေစဉ်)

#ယနေ့ခေတ်

သက်ဆိုင်ရာနိုင်ငံများမှ မိမိနိုင်ငံသားများကို အမြန်ဆုံးလာရောက်ခေါ်ယူရန်နှင့် ပိတ်ဆို့ဖြတ်တောက်မှုများကို ပယ်ဖျက်ပေးရန် BGF တောင်းဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.