“ ဝ” နှင့် ကိုးကန့်ဒေသ တိုက်ရိုက်ကုန်သွယ်မှု ပြန်လည်ဖွင့်လှစ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်နေ့စွဲဖြင့် တရုတ်အစိုးရ၏ ညွှန်ကြားချက်ကြောင့် “ ဝ” နှင့် ကိုးကန့်ဒေသ တိုက်ရိုက်ကုန်သွယ်မှု ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း “ ဝ” ပြည်သွေးစည်းညီ ညွတ်ရေးတပ်မတော် – UWSA ဦးစီးချုပ်ရုံးမှထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်အရ ကိုးကန့်ဒေသနှင့် “ ဝ” ပြည်နယ်၊ ဟိုပန်ကိုဆက်သွယ်ထားသည့် ဖောင်ဆိပ်တံတားပေါ်ရှိ မော်တော်ယာဉ်၊ လူနှင့်ကုန်စည်များ ထိန်းချုပ်ခြင်းကို အပြည့် အဝ လွတ်လပ်ခွင့်ပေးရန် ခွင့်ပြုလိုက်ကြောင်း၊ ထို့ ကြောင့် ဇန်နဝါရီ ၂၀ ရက်မှစတင်ပြီး ကိုးကန့်နယ်မြေအတွင်း ကုန်စည်ဖြတ်သန်းခွင့်ပြုလိုက်ကြောင်း သိရသည်။

ထို့အပြင် ကိုးကန့်-တရုတ်နယ်စပ်ဂိတ်ဖြစ်သည့် ချင်းရွှေဟော်၊ လောက်ကိုင်အပြင် “ ဝ” – တရုတ်နယ်စပ်ဘက်ရှိ နမ့်တစ်(မန်ခါး)ဂိတ်တို့ကို ယမန်နေ့မှစတင်ပြီး ဖွင့်ပေးခဲ့ကြောင်း သိရသည်။

“ ဒါက ကောင်းတဲ့အလားအလာပေါ့။ မကြာခင် နယ်စပ်ဂိတ်တွေအားလုံး ပြန်ဖွင့်နိုင်တယ်။ ကုန်စည်စီးဆင်းမှုတွေလည်း ပိုပြီးကောင်းသွားတာပေါ့။ မဟုတ်ရင် အဲဒီဒေသကလူတွေပဲ ဒုက္ခရောက်မှာ။ အခုတောင် ကုန်တွေက အဝင်မရှိတော့ ကုန်ဈေးနှုန်းတွေက နှစ်ဆလောက်မြင့်တက်နေတာပေါ့။ နှစ်ဖက်နယ်စပ်ကုန်သွယ်မှု အမြန်ဆုံးစတင်နိုင်ဖို့ မျှော်လင့်တယ်။” ဟု မူဆယ်နယ်စပ်ကုန်သည်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်နေ့မှစတင်ကာ ၁၀၂၇ စစ်ဆင်ရေးကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်ခဲ့သည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ် ၅ ခုဖြစ်သည့် ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ ရန်လုံကျိုင်း၊ မုန်းကိုးနှင့် နမ့်ခမ်းဂိတ်များကို ညီနောင်မဟာမိတ် MNDAA, TNLA, AA တို့က ထိန်းချုပ်ထားခြင်းဖြစ်သည်။

ထို့ပြင် ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်ချိန် အောက်တိုဘာ ၂၇ တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ထားသည့် “ဝ” ဒေသ၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဌာနချုပ်တည်ရှိရာ လိုင်ဇာ၊ ကိုးကန့်နှင့် မိုင်းလားဒေသ စသည့်နယ်စပ်ဂိတ်များအပါအဝင် ရှမ်းနှင့် ကချင်ပြည်နယ်တို့မှ နှစ်နိုင်ငံကုန်သွယ်နေသည့် နယ်စပ်ဂိတ်များကိုပါ ကန့် သတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – google

#ယနေ့ခေတ်

“ ဝ” နှင့် ကိုးကန့်ဒေသ တိုက်ရိုက်ကုန်သွယ်မှု ပြန်လည်ဖွင့်လှစ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.