ဝိုင်းမော် နမ့်ဆန်ယံရွာအနီး တိုက်ပွဲပြင်းထန်၍ ဒေသခံ ၅၀၀ ကျော် စစ်ဘေးရှောင်နေရ

မြစ်ကြီးနား၊ ဇူလိုင် ၅ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နမ့်ဆန်ယံကျေးရွာအနီး၌ ယခုရက်ပိုင်းအတွင်း နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့၍ ဒေသခံ ၅၀၀ ကျော် ဘေးအန္တရာယ်ကင်းလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ဘေး ရှောင်ကူညီပေးနေသူများထံမှ သိရသည်။

ဇူလိုင် ၃ ရက်က ဝိုင်းမော်မြို့နယ်၊ နမ့်ဆန်ယံကျေးရွာအနီး၌ နစကတပ်များနှင့် KIA တပ်များအကြား နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ကာ လက်နက်ကြီးပစ်ခတ်မှုများရှိ၍ ဒေသခံရွာသားများမှာ ဝိုင်းမော်မြို့ပေါ်သို့ ထွက်ပြေးတိမ်း​ရှောင် ရကြောင်း သိရသည်။

“ လက်နက်ကြီးတွေနဲ့ အပြိုင်အဆိုင်ပစ်ခတ်ကြတော့ ရွာထဲကိုကျပြီး ထိခိုက်ကုန်မှာကြောက်လို့ မြို့ပေါ်ကိုရွေ့တဲ့အဖွဲ့က ရွေ့၊ ရွာအနားက စစ်ရှောင်စခန်းကို ပြေးတဲ့သူက ပြေးပေါ့ ။ တိုက်ပွဲစဖြစ်တဲ့ ဇူလိုင် ၃ ရက်ထဲက ရွေ့လာတာ။ လတ်တလော စားရေး၊ နေရေးကတော့ အုပ်ချုပ်ရေးဘက်ကလူတွေပဲ စီစဉ်ပေးထားတယ်။ တိုက်ပွဲရက်ရှည်ဖြစ်ပြီး အိမ်မပြန်နိုင်မှာနဲ့ နောက်ရက်တွေ စားသောက်ရေးအခက်အခဲဖြစ်မှာကို စစ်ရှောင်တွေ စိုးရိမ်နေကြတယ် “ ဟု စစ်ရှောင်များအား ကူညီပေး နေသူ ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲများကြောင့် နမ့်ဆန်ယန်ရွာသူ၊ ရွာသား ၂၅၈ ဦးမှာ ဝိုင်းမော်မြို့ရှိ RC ဘုရားကျောင်းသို့ စစ်ဘေးရှောင်နေရသူများ ရှိသကဲ့သို့ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာရှိ AG Camp သို့ စစ်ဘေးလာရောက်တိမ်းရှောင်သူ အဆိုပါရွာသား ၃၁၁ ဦး ရှိကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။

ဇူလိုင် ၁ ရက်မှစ၍ ကချင်ပြည်နယ်အတွင်းရှိ ဒေသအချို့တွင် နှစ်ဖက်လက်နက်ကိုင်တိုက်ပွဲများ ပြင်းထန်စွာပြန်လည်ဖြစ် ပွားလာသဖြင့် စစ်ဘေးရှောင်သူလူဦးရေ ထပ်မံ၍များပြားလာနိုင်ဖွယ်ရှိကြောင်းလည်း စစ်ရှောင်ကူညီသူများက သုံးသပ် ပြောကြားသည်။

မောင်ဇော်

ဝိုင်းမော် နမ့်ဆန်ယံရွာအနီး တိုက်ပွဲပြင်းထန်၍ ဒေသခံ ၅၀၀ ကျော် စစ်ဘေးရှောင်နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.