ရန်ကုန်၊ အောက်တိုဘာ ၂၁
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ရှငေါ်ကျေးရွာအနီး ဝိုင်းမော်-ချီဖွေလမ်း၌ ဆယ်ဘီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး ၇ ဦးသေဆုံးခဲ့ကာ လူ ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပျောက်ဆုံးနေသူများရှိနေ၍ ရှာဖွေကယ်ဆယ်နေရကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
အောက်တိုဘာ ၁၈ ရက်၊ နေ့လည်ပိုင်းတွင် ဟိုပင်မြို့မှ ဆောက်လုပ်ရေးလုပ်သားများနှင့် ပစ္စည်းများတင်ဆောင်လာသည့် ဆယ်ဘီးကားတစ်စီးမှာ ရှငေါ်ကျေးရွာအနီး၊ ဝိုင်းမော် – ချီဖွေလမ်း၌ တိမ်ူမှောက်ခဲ့ပြီး ယာဥ်ပေါ်ပါ အလုပ်သမား ၇ ဦး သေဆုံးကာ၊ ၂၅ ဦးထိခိုက်ဒဏ်ရာရှိခဲ့ပြီး ၄ ဦးပျောက်ဆုံးနေကြောင်း ကနဦးသိရသည်။
“ အခုထိကို ရှာဖွေကယ်ဆယ်ရေး မပြီးသေးပါဘူး။ သေဆုံးသူ စာရင်းအတိအကျမရနိုင်သေးဘူး။ ရှာဖွေနေဆဲပါ။ ကားပေါ်မှာက ဆောက်လုပ်ရေးပစ္စည်းတွေ၊ သံတွေ၊ ဘိလပ်မြေ တွေပါတော့ တော်ရုံနဲ့ ဖယ်ရှားနိုင်ဖို့ မလွယ်သေးဘူး။ ရှာဖွေနေတုန်းပဲ။” ဟု မွန်မြတ်စေတနာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။
အဆိုပါ ယာဥ်တိမ်းမှောက်မှုသည် အောက်တိုဘာ ၁၈ ရက်၊ နေ့လည်ပိုင်းကတည်က ဖြစ်ပွားခဲ့ပြီး ကယ်ဆယ်မှုများပြုလုပ်ခဲ့ရာ ယနေ့ အောက်တိုဘာ ၂၁ ရက်နံနက်ပိုင်းအထိ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေကြောင်း သိရသည်။
“ ဖြစ်စဥ်အတိအကျတော့ မသိပေမယ့် လူနဲ့ပစ္စည်းက ဝန်ပိုအလေးချိန်ဖြစ်ပြီး ဘရိတ်ပေါက်တယ်တော့ ပြောကြတာပေါ့၊ လမ်းဘေးကိုစောင်းပြီး ကျသွားတာ၊ ဝိတ်များတော့ ဖြေးဖြေးချင်းဖယ်နေရတယ်။” ဟု ပရဟိတလုပ်ကိုင်သူတစ်ဦးက ပြောသည်။
ထိုယာဥ်တိုက်မှုဖြစ်စဥ်၌ ကလေးငယ်များပါဝင်ပြီး အမျိုးသား ၆ ဦး၊ အမျိုးသမီးတစ်ဦး၊ စုစုပေါင်း ၇ ဦး သေဆုံးကြောင်း ကနဦးသိရပြီး။ ကလေးငယ် ၂ ဦး၊ အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၂၅ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။
အဆိုပါ တိမ်းမှောက်ခဲ့သည့် ယာဥ်ပေါ်၌ လုပ်သား ၃၇ ဦးခန့်ပါဝင်ပြီး ယာဥ်တိမ်းမှောက်မှုတွင် ကလေးငယ်အပါအဝင် လေးဦးခန့် ပျောက်ဆုံးနေသေးကြောင်း သိရသည်။
ဂျူဂျူး
ဓာတ်ပုံ – မွန်မြတ်စေတနာ လူမှုကူညီရေးအသင်း
ဝိုင်းမော်၌ ဆယ်ဘီးကားတိမ်းမှောက်မှု သုံးရက်ကြာအထိ ရှာဖွေကယ်ဆယ်နေရဆဲ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်