ရန်ကုန်၊ ဇွန် ၁၀
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် နေအိမ်ပေါ်သို့ လက်နက်ကြီးကျည်ထိမှန်၍ အိမ်စီးကားတစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။
ဇွန်လ ၈ ရက်၊ နံနက် ၈ နာရီကျော်ခန့်က ဝိုင်းမော်မြို့နယ်၊ ခက်ချိုကျေးရွာအတွင်းရှိ ဝေဠုဝန်ဘုန်းကြီးကျောင်းနှင့် နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျည်ထိမှန်၍ နေအိမ်နှင့် ကားတစ်စီးပျက်စီခဲ့ကြောင်း သိရသည်။
“မနက် ၈ နာရီခွဲလောက်မှာ ဗုံးသီးကကျတာ။ ဘုန်းကြီးကျောင်းထဲတော့ ကံကောင်းလို့မကွဲတာပါ။ မနေ့က ကိုရင်လေးတွေကိုစိုးရိမ်လို့ မိုင်းနားသွားပို့တာ။ ပြန်လာတော့ ဗုံးသီးကျတာသိရတာပဲ။ လူတွေတော့ ထိခိုက်တာမရှိဘူး။ ကားနဲ့ အိမ်ကိုတော့ထိလို့ ပျက်စီးတာတွေရှိတယ်။ ဘုန်းကြီးကျောင်းထဲကျတဲ့ဗုံးက မကွဲလို့တော်သေးတာ။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဝိုင်းမော်မြို့တွင် စစ်ဘေးရှောင် ၂၀၀၀ ကျော်လည်း အစားအသောက်များ အခက်ခဲရှိလာကြောင်း သိရသည်။
“စစ်ဘေးရှောင်တွေကို အတက်နိုင်ဆုံးလာလှူတဲ့သူတွေကနေ မျှတခွဲဝေပြီး ပေးနေတာပေါ့။ အခုလောလောဆယ်တော့။ ပြည်သူမှ ပြည်သူသို့ဆိုပြီး တဆင့်တဆင့်လှူတာကိုပဲ ဝေးခြမ်းပေးပေါ့။ အလှူခံတာလည်းမလုပ်ဆိုတော့။ ရလိုက်၊ လှူလိုက်၊ ရပ်လိုက်နဲ့ပေါလေ။ အခုဆို မိုးတွင်းကာလရောက်ပြီဆိုတော့ နည်းနည်းတော့စိုးရိမ်ရတဲ့ အခြေအနေတော့ရှိလာပြီပေါ့လေ။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မေ ၁၈ ရက်၊ နံနက်ပိုင်းမှစ၍ ဝိုင်းမော်မြို့နယ်အနီး နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် ကျေးရွားအတွင်းရှိဒေသခံများ ဘေးလွတ်ရာသို့ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
မြန်မာနိုင်အတွင်း ပြင်းထန်နေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာလူဦးရေနှင့်၊ အရပ်သားကာကွယ်စောင့်ရှောက်မှုလိုအပ်ချက်များ စသည့်ဘေးကျပ်နံကျပ်ကာလတစ်ခုကို ရင်ဆိုင်နေရပြီး၊ လူဦး ရေ ၁၈ ဒသမ ၆ သန်းသည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများလိုအပ်နေကြောင်း UN OCHA Myanmar ၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-CJ
ယနေ့ခေတ်
ဝိုင်းမော်မြို့ရှိ ဘုန်းကြီးကျောင်းနှင့် နေအိမ်ပေါ်သို့ လက်နက်ကြီးကျည်ထိမှန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်