ရန်ကုန်၊ ဇွန် ၁၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ နောင်စီပေါကျေးရွာဘက်တွင် နစကတပ်နှင့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပိတ်မိနေသည့်ဒေသခံပြည်သူများ စားနပ်ရိက္ခာပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။
“အကုန်ပြတ်လပ်နေတာ ဘာမှကိုဝယ်လို့မရဘူး။ ဝိုင်းမော်၊ မြစ်ကြီးနားဘက်တက်လို့လည်းမရဘူး။ အဲ့ဘက်သွားရင် ရွာကိုပြန်ဝင်ခွင့်မပေးဘူး။ လိုအပ်တာတွေကို တာလောကြီးမှာပဲဝယ်ဖို့ KIA နဲ့ PDF ဘက်က အမိန့်ထုတ်ထားတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထိုသို့ အမိန့်ထုတ်ထားသည့်အတွက် နောင်စီပေါဒေသခံပြည်သူများသည် တာလောကြီးကျေးရွာသို့သွားပြီး ဆန်၊ ဆီ၊ ဆားနှင့် စိုက်ပျိုးရေးသုံးပစ္စည်းများကို ဈေးနှုန်းကြီးကြီးပေးဝယ်နေရကြောင်း သိရသည်။
“ ဈေးနှုန်းတွေက အရမ်းကွာတယ်။ မြို့ပေါ်တက်ခွင့်မရတော့ ရတဲ့နေရာသွားဝယ်ရတယ်။ သူတို့ကို သတင်းမပို့ဘဲနဲ့ ဘာမှလုပ်မရဘူး။ ဘယ်သွားမယ်၊ ဘာလုပ်မယ် အကုန်ပြောရ တယ်။ ရွာထဲမှာလည်း သူတို့တွေရှိတော့ တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ကျရောက်ပေါက်ကွဲတာရှိတယ်။ မပြောပဲသွားလို့ ဖမ်းမိရင်၊ တာလောကြီးဘက်ကိုပို့တာ။” ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မေလအတွင်းကလည်း နောင်စီပေါကျေးရွာမှ ဒေသခံ ၁၀ ဦးထက်မနည်းကို KIA အဖွဲ့ကဖမ်းဆီးခဲ့ပြီး ၎င်းတို့ထိန်းချုပ်ထားသည့် တာလောကြီးတိုက်နယ်သို့ ပို့ဆောင်ခဲ့ရာ ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံများက ဆိုသည်။
ခန့်ခန့်
ယနေ့ခေတ်
ဝိုင်းမော်မြို့နယ်၊ နောင်စီပေါကျေးရွာတွင် ပိတ်မိနေသည့်ဒေသခံများ စာနပ်ရိက္ခာပြတ်လပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်