ရန်ကုန်၊ ဇွန် ၂၄
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပေါ်နေပြီး လက်နက်ကြီးကျည်ကျပေါက်ကွဲမှုကြောင့် ဒေသခံကလေးတစ်ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ဇွန်လ ၂၁ ရက်၊ ည ၁၂ နာရီခန့်က ဝိုင်မော်မြို့၊ မန်ဒေါင်ကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ ခဝမ်းရွာနေထိုင်သည့် အသက်နှစ်နှစ်အရွယ်ကလေးတစ်ဦး ပြင်း ထန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ကလေးကတော့ ဒဏ်ရာပြင်းတယ်။ ကျွန်တော်တို့ကတော့ ဆေးရုံကိုပဲလိုက်ပို့ခဲ့တာပါ။ ကျန်တာတော့ ကျွန်တော်တို့လည်း သေချာမသိဘူးဗျ။ ကလေးကတော့ နှစ်နှစ်ပါ။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဒဏ်ရာရရှိသူကလေးကို ဒေသခံလူမူကူညီရေးအသင်းမှ မြစ်ကြီးနားဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဇွန်လ ၂၀ ရက်၊ ည ၁၀ နာရီကျော်ခန့်က၊ ဝိုင်းမော်မြို့နယ်၊ နမ့်ဝါကျေးရွာအတွင်းရှိ ရော်ဘာခြံထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၄၀ ကျော်ရှိ အမျိုး သားတစ်ဦး ရင်ဘက်ထိမှန်ကာ နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။
မေ ၁၈ ရက်၊ နံနက်ပိုင်းမှစကာ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တွင် နှစ်ဖက်တိုက်ပွဲများကြောင့် သေဆုံးသူ ၅ ဦးထက်မနည်းရှိခဲ့ပြီး၊ ဒဏ်ရာရရှိသူ ဦးရေ ၄၀ ကျော်ရှိလာခဲ့ကြောင်သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-CJ
ယနေ့ခေတ်
ဝိုင်းမော်မြို့တွင် လက်နက်ကြီးကျည်ကျပေါက်ကွဲ ကလေးတစ်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်