ရန်ကုန်၊ ဇွန် ၁၁
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ရှိ အ.ထ.က ကျောင်းအနီးရှိ နေအိမ်ပေါ်သို့ လက်နက်ကြီးကျည် ကျပေါက်ကွဲခြင်းကြောင့် တစ်ဦးသေဆုံးပြီး၊ လေးဦးပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ ည ၈ နာရီကျော်ခန့်က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ခက်ချိုကျေးရွာ အ.ထ.က ကျောင်းအနီး၊ လမ်းသွယ် ၁၂ လမ်းကြားရှိ နေအိမ်များပေါ်သို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၂၆ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးသေဆုံးပြီး၊ လေးဦးပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင့် ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“မနေ့ညက လမ်းသွယ် ၁၂ ကအိမ်ပေါ် လက်နက်ကြီးကျည်ကျလို့ ၂၆ နှစ် လူငယ်တစ်ဦးဆုံးသွားတယ်။ အိမ်နီးချင်းက လူလေးဦးဒဏ်ရာပြင်းထန်ရရှိခဲ့တယ်။ ခွေးလေးတစ်ကောင်လည်း သေတယ်။ နေအိမ်နှစ်လုံးနဲ့ ခြံစည်းရိုးပေါ်ကို နှစ်လုံးကျပြီး ပေါက်ကွဲတယ်။ ပေါက်ကွဲစကနေ ထမင်းစားနေတဲ့ မိသားစုနေရာကိုကျလာတာ။ ခြံစည်းရိုးကနေတဆင့် လူမနေတဲ့အိမ်ပေါ်ကိုလည်း ပြုတ်ကျပြီး ပေါက်ကွဲသွားတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ခက်ချိုကျေးရွာအတွင်း လက်နက်ကြီးကျည် ကျပေါက်ကွဲမှု လေးကြိမ်ရှိခဲ့ပြီး၊ သေဆုံးသူများရှိလာကာ နေအိမ်အဆောက်အဦးများ ပျက်စီးခဲ့ကြောင်း သိရသည်။
“ခက်ချိုကျေးရွာထဲမှာ လက်နက်ကြီးကျလို့ လူသေတာတွေလည်းရှိတယ်။ စုစုပေါင်းလေးကြိမ်ရှိပြီ။ လက်နက်ကြီးပေါက်ကွဲတာ။ လက်နက်ကြီးကျတဲ့အခါလည်း နေအိမ်တွေပဲထိပြီး လူမထိတာတော့ရှိတယ်။ ဒီနေ့ဆို နေအိမ်လည်းပျက်စီးတယ်။ မနေ့ကဆို ကားတစ်စီးပျက်ခဲ့တယ်။” ဟုဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဒဏ်ရာရရှိသူများကို ဒေသခံ လူမှုကူညီရေးအသင်းမှ မြစ်ကြီးနားဆေးရုံကြီးသို့ ပို့ဆောင်းပေးခဲ့ကြောင့် သိရသည်။
ဇွန်လ ၈ ရက်၊ နံနက် ၈ ကျော်ခန့်ကလည်း၊ ဝိုင်းမော်မြို့နယ်၊ ခက်ချိုကျေးရွာအတွင်းရှိ ဝေဠုဝန်ဘုန်းကြီးကျောင်းနှင့် နေအိမ်ပေါ်သို့ လက်နက်ကြီးကျည်ထိမှန်၍ နေအိမ်နှင့် ကားတစ်စီးပျက်စီခဲ့ကြောင်း သိရသည်။
မေလ ၂၆ ရက်၊ ည ၁၁ နာရီခွဲခန့်ကလည်း ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် စစ်ဘေးတိမ်းရှောင်ရန် ထွက်ခွာလာသည့်ဒေသခံတစ်စုမှာ မြို့နီးအရောက်တွင် တိုက်ပွဲကြားပိတ်မိရာမှ ၂၆ ဦးခန့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-CJ
ယနေ့ခေတ်
ဝိုင်းမော်မြိုတွင် နေအိမ်ပေါ်သို့ လက်နက်ကြီးကျည်ကျပေါက်ကွဲ တစ်ဦးသေဆုံး လေးဦးပြင်းထန်ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်