ဝိုင်းမော်၊ မေ ၂၇
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အထိမ်းအမှတ်အဖြစ် စိုက်ထူထားသည့် မောင်းကြီးအနီးတွင် မေ ၂၆ ရက်၊ ည ၁၁ နာရီ ၄၀ မိနစ်က နှစ်ဖက်တိုက်ပွဲအတွင်း ငှက်ပျောခြံနှင့် ရွှေမှော်လုပ်သား ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မွန်မြတ်စေတနာ လူမှုကူညီရေးအသင်းမှ သိရသည်။
အဆိုပါ နှစ်ဖက်တိုက်ပွဲအတွင်း ဘီဘရာကျေးရွာမှ ငှက်ပျောခြံနှင့် ရွှေမှော်လုပ်သားရှစ်ဦးသည် တွဲကားနှင့် လေးလုံးထိုးယာဉ်၊ သုံးဘီးယာဉ်များဖြင့် လိုက်ပါကြရာမှ ပိတ်မိသွားခဲ့ခြင်းဖြစ်ကြောင်း မွန်မြတ်စေတနာလူမှုကူညီရေးအသင်းမှ သိရသည်။
“ ညဦးပိုင်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲအတွင်းမှာပိတ်မိနေတဲ့ ငှက်ပြောခြံနဲ ရွှေမှော်လုပ်သား ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အကူအညီပေးဖို့ ဆက်သွယ်လာလို့ သွားရောက်ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့ရပါတယ်။” ဟု မွန်မြတ်စေတနာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်၊
ထိခိုက်ဒဏ်ရာရရှိသူ(စိုးရိမ်ရ) လူနာအမျိုးသား ခြောက်ဦးနှင့် အမျိုးသမီးနှစ်ဦးအပြင် အခြားဒဏ်ရာရရှိသူ ၁၈ ဦးတို့ကို မြစ်ကြီးနားဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း မွန်မြတ်စေတနာ လူမှုကူညီရေးအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – မွန်မြတ်စေတနာလူမှုကူညီရေးအသင်း
ဝိုင်းမော်တွင် နှစ်ဖက်တိုက်ပွဲအတွင်း စိုက်ပျိုးရေးနှင့် ရွှေမှော်လုပ်သား ၂၆ ဦး ထိခိုက်ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်