ရန်ကုန်၊ မေ ၁၉
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း ဒေသတွင်းစစ်ရှောင်ကူညီသူများထံမှ သိရသည်။
ယမန်နေ့ နံနက်အစောပိုင်းမှစ၍ ယနေ့အထိ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ၊ အောင်မြေ (၁) ၊ အောင်မြေ (၂) ကျေးရွာအပါအဝင် ကျေးရွာအချို့ရှိ စစ်စခန်းများတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေ၍ ဒေသခံရာချီမှာ ဝိုင်းမော်မြို့ပေါ်နှင့်အနီးရှိ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။
“ အောင်မြေ (၁) ၊ (၂) ရွာဘက်မှာဆို ရွာထဲမှာပါတိုက်ပွဲဖြစ်တာ။ လေယာဉ်တွေနဲ့ပစ်တာရော၊ မြစ်ကြီးနားဘက်ကနေ လက်နက်ကြီးတွေနဲ့ပါ ပစ်တာတွေကြောင့် အများစုက ဝိုင်းမော်မြို့ပေါ်က စစ်ရှောင်စခန်းတွေကို ထွက်ပြေးရတယ်။ တချို့လည်းမပြေးနိုင်တော့ နီးစပ်ရာရွာတွေဘက် ရှောင်တိမ်းကြတယ်။ တချို့ကျတော့လည်း အိမ်နားမှာဗုံးခိုကျင်းဆောက်ထားတော့ တိုက်ပွဲဖြစ်တဲ့အချိန် အဲ့ဒီထဲမှာပဲ ရှောင်တိမ်းကြသူတွေလည်းရှိတယ်။ အဲ့တာကတော့ အန္တရာယ်များတာပေါ့။” ဟု ဒေသတွင်းရှိ စစ်ရှောင်ကူညီသူတစ်ဦးက ပြောကြားသည်။
ယနေ့နံနက်အထိ နှစ်ဖက်တိုက်ပွဲအကြားမှ ဒေသခံများမှာ ဘေးလွတ်ရာနေရာများသို့ ဆက်လက်ထွက်ပြေးလျက်ရှိကြောင်း သိရသည်။
ဝိုင်းမော်မြို့အနီးရှိ အောင်မြေ (၁) ၊ အောင်မြေ (၂) ကျေးရွာအပါအဝင် ကျေးရွာအချို့ရှိ စစ်စခန်း ၅ ခုထက်မနည်းအား KIA နှင့် PDF လက်နက်ကိုင်ပူးပေါင်းအဖွဲ့က ယမန်နေ့နံနက်ပိုင်းက စတင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့နံနက်အထိ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများက ပြောကြားသည်။
အလားတူ ဗန်းမော်ခရိုင်အတွင်းရှိ ဗန်းမော်၊ မံစီနှင့် မိုးမောက်မြို့နယ်တို့၌လည်း ယခုရက်ပိုင်းအတွင်း နှစ်ဖက်တိုက်ပွဲများကြောင့် ဒေသခံတစ်ထောင်ခန့်မှာ ဗန်းမော်မြို့ပေါ်တွင် စစ်ရှောင်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ – ဝါရှောင်ဆရာတော်
ပုံစာ – ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်များအား ယနေ့တွေ့ရစဉ်။
ဝိုင်းမော်တွင် တိုက်ပွဲပြင်းထန်၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်