ရန်ကုန်၊ ဧပြီ ၁၁
ဒဂုံဧရာအဝေးပြေးမှ ရွှေပြည်သာမြို့နယ်သို့ ပြေးဆွဲလျက်ရှိသော ဝိုင်ဘီအက်စ် ၆၈ ယာဥ်လိုင်းပေါ်တွင် ဧပြီ ၁၁ ရက်၊ နံနက် ၈ နာရီခွဲက စီးနင်းလိုက်ပါလာသည့် အမျိုးသမီးငယ်တစ်ဦးအား ပုလဲလမ်း၌မှတ်တိုင်မှတက်လာသော လူလေးဦးက မှတ်ပုံတင်နှင့်ငွေသားအချို့ကို အုပ်စုဖွဲ့လုယက်လိုက်ကြကြောင်း သိရသည်။
“ ဝိုင်ဘီအက်စ် ၆၈ မီနံဘတ်စ်ပါ။ ညီမကတော်ရုံသတိအရမ်းထားပါတယ်။ ပုလဲလမ်းမှာတက်လာတဲ့ လူလေးယောက်က ညီမဘေးကနေ အတင်းကက်ပါလာလို့ ညီမလည်း အိတ်ကိုသေချာပိုက်ထားပြီး သူတို့ကိုဂရုစိုက်နေခဲ့တာပါ။ ဒါပေမဲ့ လူကစိတ်နဲ့ကိုယ်မကပ်သလို ထုံထုံကြီးဖြစ်သွားတယ်။ ဘုန်းကြီးကျောင်းကွေ့ (၁၄)လမ်းဆုံရောက်တော့ ညီမဆင်းမလို့ လှမ်းအော်တော့ သူတို့ကပါကူအော်နေသေးတယ်။ အဲ့မှာဆင်းမယ်လုပ်တော့ ညီမဖုန်းကို တစ်ယောက်ယောက်က အတင်းဆွဲနေတာကို သတိဝင်လာတော့ ညီမကအော်တာပေါ့။ အော်ပြီးတော့ အိတ်ကိုလည်းစစ်ရော ဇစ်တွေရော၊ ဘာတွေရော အကုန်ပွင့်နေတာ သိလိုက်ရတယ်။ ဘာမှမရှိတော့ဘူး။ ကားဆရာကို ကျွန်မအိတ်ခွဲခံရတယ်။ ကားကိုပိတ်ပြီး စစ်ပေးလို့ပြောတော့ မကျေမနပ်နဲ့ ကိုယ့်ဘာသာရှာ၊ ကိုယ့်ဘာသာစစ်ဆိုပြီး အခက်အခဲဖြစ်နေတဲ့ မိန်းကလေးတစ်ယောက်ကို အကူအညီမပေးတဲ့အပြင် အပြစ်ပါတင်နေသေးတယ်။ နောက် ညီမဆင်းလိုက်ပြီး ရေတွေဘာတွေသောက်လိုက်တော့မှ လူကစိတ်ပြန်လည်လာသလိုဖြစ်လာပါ။ တစ်မှတ်တိုင်အတွင်းမှာ ဖြစ်သွားတာပါ။ တို့ဆေးလာဘာလားမပြောတတ်ပေမဲ့ လူနဲ့စိတ်မကပ်အောင်တော့ တစ်ခုခုဖြစ်သွားပါတယ်။ ဖုန်းကိုလုတဲ့အချိန် အသိဝင်လာတာမို့ ဖုန်းတော့မပါသွားပါဘူး။” ဟု ကာယကံရှင် အမျိုးသမီးတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
လက်ရှိ ဝိုင်ဘီအက်စ်ယာဥ်လိုင်းများတွင် မကြာခဏ ခိုး၊ ဆိုး၊ လု၊ နှိုက်မှုများ နေ့စဥ်နှင့်အမျှ ကြုံတွေ့နေရကြောင်း၊ ခရီးသည်များမှာ အခက်အခဲများစွာဖြင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။
ဝိုင်ဘီအက်စ် ယာဥ်လိုင်းစီးနင်းသူအများအစုက စက်ရုံ၊ အလုပ်ရုံ၊ ကျပန်းလုပ်သားများနှင့် ကျောင်းသား၊ ကျောင်းသူများသာ စီးနင်းနေကြခြင်းဖြစ်ပြီး ယခုကဲ့သို့ အုပ်စုဖွဲ့လုယက်မှုအပေါ် ခရီးသည်များက စိုးရိမ်ပူပန်မှုများရှိလာခဲ့ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓါတ်ပုံ – CJ
ဝိုင်ဘီအက်စ် ၆၈ ပေါ်တွင် အမျိုးသမီးတစ်ဦး အုပ်စုဖွဲ့လုယက်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်