ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
ရန်ကုန်တိုင်းအတွင်း YRTA လက်အောက်တွင် ပြေးဆွဲလျက်ရှိသော အများပိုင် ဝိုင်ဘီအက်စ်ယာဥ်လိုင်းများ ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ယာဥ်လိုင်းပေါင်း ၅၀ ကျော် ယာဥ်စီးခနှုန်းထားများ တိုးမြင့် ကောက်ခံလာခဲ့ကြောင်း သိရသည်။
အလားတူ ဝိုင်ဘီအက်စ် ကျူအာကုတ် စမတ်ကတ်များပါ စျေးနှုန်းများလည်း နှစ်ဆခန့် မြင့်တက်လာကြောင်း ရန်ကုန်တိုင်း၊ အလုံမြို့နယ်နေ စာရေးဆရာမ မေသာကြည်က ယနေ့ခေတ်သို့ ပြောသည်။
“ အရင်က ဝိုင်ဘီအက်စ် ကျူအာကုတ် စမတ်ကတ်အသစ်တစ်ကတ်ဝယ်ရင် ၂၀၀၀။ ပလပ်စတစ်အိတ်က ၃၀၀ ။ ငွေက ကြိုက်သလောက် ဖြည့်လို့ရပါတယ်။ ဒီနေ့ ကတ်ဟောင်းပျောက်လို့ ကတ်သစ်ဝယ်တာ။ တစ်ကတ် (အဝါရောင်) ဆို ၄၀၀၀။ အနီရောင်ဆို ၅၀၀၀။ ပလပ်စတစ်အိတ်က ၅၀၀။ ဘာကွာလဲမေးတော့ အတူတူပဲတဲ့။ အရောင်ပဲကွဲတာပါတဲ့။ နှစ်ပတ်အတွင်းကို ကျူအာကုတ် စမတ်ကတ်စျေးနှုန်းပါ တိုးမြင့်ပြောင်းလဲလာပါတယ်။ သက်ဆိုင်ရာက သေချာစိစစ်ပေးဖို့ လိုအပ်ပါပြီ။” ဟု အလုံမြို့နယ်နေ စာရေးဆရာမ မေသာကြည်က ယနေ့ခေတ်သို့ ပြောသည်။

ဝိုင်ဘီအက်စ်ကတ်ဖြင့် ပေးချေအသုံးပြုနိုင်သည့် ဝိုင်ဘီအက်စ်ယာဉ်လိုင်းများတွင် စက်မဖွင့်ထားပါက ကားနံပါတ်နှင့် ယာဉ်အမှတ်ကို ပေးပို့အကြောင်းကြားလျှင် သက်ဆိုင်ရာယာဉ်လိုင်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ ချက်ချင်းစစ်ဆေးပြင်ဆင် အရေးယူပေးနေကြောင်း Yangon Payment Service-YPS ထံမှ သိရသည်။
လက်ရှိ ဝိုင်ဘီအက်စ်ယာဉ်စီးသူများအနေဖြင့် ယာဉ်စီးခနှင့်ပတ်သက်၍ အခက်အခဲမဖြစ်စေရန် YPS Card ကို အသုံးပြုနိုင်သကဲ့သို့ မိုဘိုင်းဖုန်းဖြင့် စကင်ဖတ်ကာ ငွေပေးချေနိုင်မည့် ဝိုင်ဘီအက်စ် ကျူအာကုတ်ကို အသုံးပြုနိုင်ပြီဖြစ်ကြောင်း Yangon Payment Service-YPS ထံမှ သိရသည်။
ဝိုင်ဘီအက်စ် ကျူအာကုတ် စမတ်ကတ်များ နှစ်ဆခန့်စျေးနှုန်းတိုးမြင့်လာခြင်းနှင့်ပတ်သက်၍ Yangon Payment Service-YPS မှ တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းရာတွင် ခေတ်စနစ်အရ စျေးနှုန်းပြောင်းလဲရခြင်းဟုသာ ဖြေကြားခဲ့သည်။
မြင့်မြတ်အောင်မြင်
ဝိုင်ဘီအက်စ် ကျူအာကုတ် စမတ်ကတ်များ စျေးနှုန်းနှစ်ဆခန့် မြင့်တက်လာ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်