ဝါရှင်တန်၊ မေ ၂၂
ဝါရှင်တန်ဒီစီတွင် ဗုဒ္ဓဟူးနေ့ညက အစ္စရေးသံရုံးဝန်ထမ်းနှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။ အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်၍ သံသယရှိသူတစ်ဦးကို ထိန်းသိမ်းထားကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
လူငယ်ပညာရှင်များနှင့် သံတမန်ရေးရာဝန်ထမ်းများအတွက် လူမှုရေးပွဲတစ်ခုကျင်းပရာ ဝါရှင်တန်မြို့လယ်ရှိ ပြတိုက်အပြင်ဘက် လူသွားစင်္ကြန်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူများသည် လက်ထပ်ရန်စီစဉ်ထားသည့် လူငယ်စုံတွဲတစ်တွဲဖြစ်ကြောင်း အမေရိကန်ဆိုင်ရာ အစ္စရေးသံအမတ် Yechiel Leiter က ပြောကြားသည်။ “လူငယ်က နောက်တစ်ပတ်အတွင်း ဂျေရုဆလင်မှာ သူ့ရည်းစားကို ကမ်းလှမ်းဖို့ရည်ရွယ်ချက်နဲ့ လက်စွပ်တစ်ကွင်းဝယ်ခဲ့သေးတယ်” ဟု ၎င်းကဆိုသည်။
ဆိုရှယ်မီဒီယာတွင်ပျံ့နှံ့နေသည့် ဗီဒီယိုတစ်ခုတွင် အဖြူရောင်ရှပ်အင်္ကျီဝတ်ထားသည့် မုတ်ဆိတ်မွေးနှင့် လူငယ်တစ်ဦးကို ရဲများကဖမ်ျးဆီးခေါ်ဆောင်သွားချိန်တွင် “လွတ်လပ်ရေး၊ ပါလက်စတိုင်းလွတ်လပ်ရေး” ဟု ကြွေးကြော်နေသည်ကို တွေ့မြင်ရသည်ဟု ဆိုသည်။
“အခု ဖမ်းခံထားရတဲ့ သံသယရှိသူတစ်ဦးတည်းက ပစ်ခတ်မှုလို့ ကျွန်တော်တို့ယုံကြည်ပါတယ်” ဟု ဝါရှင်တန်ရဲချုပ် ပါမီလာ စမစ်က သတင်းထောက်များအား ပြောကြားသည်။
“ပစ်ခတ်မှုမဖြစ်ပွားခင်မှာ သံသယရှိသူဟာ ပြတိုက်အပြင်ဘက်မှာ အပြန်ပြန်အလှန်လှန်သွားလာနေတာကို သတိပြုမိခဲ့ပါတယ်။ လူလေးဦးနားကိုချဉ်းကပ်လာပြီး သေနတ်ထုတ်ပြီး ပစ်ခတ်ခဲ့ပါတယ်။ ပစ်ခတ်မှုအပြီးမှာ သံသယရှိသူဟာ ပြတိုက်ထဲကိုဝင်သွားပြီးနောက် အခမ်းအနားလုံခြုံရေးက ထိန်းသိမ်းခဲ့ပါတယ်။” ဟု ရဲချုပ်ကဆိုသည်။
သံသယရှိသူ ရှီကာဂိုမြို့မှ အသက် ၃၀ နှစ်အရွယ် Elias Rodriguez သည် လက်နက်ကိုလွှင့်ပစ်ခဲ့ပြီး “ပါလက်စတိုင်းလွတ်မြောက်ရေး” ဟု ကြွေးကြော်ခဲ့ကြောင်း ရဲချုပ်က ဆို သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တိုက်ခိုက်မှုကို အလျင်အမြန်ရှုတ်ချခဲ့ပြီး “ကိုးကွယ်ယုံကြည်မှုဝါဒကိုအခြေခံတဲ့ ကြောက်စရာကောင်းတဲ့ သတ်ဖြတ်မှုများ ယခုပင် အဆုံးသတ်ရမယ်” ဟု ဆိုသည်။ “အမုန်းတရားနဲ့ အစွန်းရောက်ဝါဒဟာ အမေရိကန်မှာ နေရာမရှိဘူး” ဟု ၎င်းက ဆိုရှယ်မီဒီယာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ် ဒန်နီဒန်နွန်က ပစ်ခတ်မှုမှာ “ဆီးမိုက်ဆန့်ကျင်ရေး အကြမ်းဖက်ဝါဒ၏ ယုတ်ညံ့သောလုပ်ရပ်တစ်ခု” ဟု ပြောကြားသည်။ “သံတမန်တွေနဲ့ ဂျူးအသိုက်အဝန်းကိုထိခိုက်စေတဲ့ မျဉ်းနီကိုဖြတ်ကျော်နေပါတယ်။ ဤရာဇ၀တ်မှုများအတွက် တာဝန်ရှိသူများကို အမေရိကန်အာဏာပိုင်များက ပြင်းပြင်းထန်ထန်အရေးယူမည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။” ဟု X တွင်ရေးသားထားသည်။
ဝါရှင်တန်မြို့တော်ဝန် Muriel Bowser က “ကြောက်စရာကောင်းတဲ့အဖြစ်အပျက်က ကျွန်တော်တို့မြို့နဲ့ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ လူအများအပြားကို ထိတ်လန့်စေပါတယ်” ဟု ပြောကြားသည်။
Ref: Bangkok Post
#ယနေ့ခေတ်
ဝါရှင်တန်တွင် အစ္စရေးသံရုံးဝန်ထမ်းနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်