ရန်ကုန်၊ စက်တင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝန်အားထိန်းညှိခြင်းများ ရှိနေသည့်အတွက် လေးနာရီခြားတစ်ကြိမ် လျှပ်စစ်မီးပေးနေရကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး (အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းခရိုင်များ)အတွင်း တစ်နေ့နှစ်ကြိမ် (၈) နာရီ သို့မဟုတ် တစ်ကြိမ် (၄)နာရီ အလှည့်ကျ ဓာတ်အားပြတ်တောက်မည်ဖြစ် ကြောင်း သိရသည်။
အုပ်စု (အေ) အနေဖြင့် နံနက် ၉ နာရီမှ နေ့လယ် ၁ နာရီအထိမီးပျက်လျှင်၊ နေ့လည် ၁ နာရီမှ ညနေ ၅ နာရီအထိ မီးလာပြီး။ ညနေ ၅ နာရီမှ ည ၉ နာရီ တစ်ကြိမ် ထပ်မံမီးပြတ် မည်ဖြစ်ကြောင်း သိရသည်။
“ မီးကတော့ ဒီရက်ပိုင်း ခဏခဏပျက်တယ်။ အချိန်အတိအကျ ခန့်မှန်းလို့မရ ဘူး။ အရင်တုန်းကဆိုရင် ဘယ်အချိန်ပျက်မယ်ဆိုတာ အတိအကျသိရတော့ အဆင်ပြေတယ်။ အခု ဟာက ပျက်တဲ့အချိန်ပိုများနေတယ်။” ဟုတောင်ဥက္ကလာတွင်နေထိုင်သူတစ်ဦးက ပြောသည်။
ထို့အပြင် အုပ်စု (ဘီ)အနေဖြင့် ယနေ့ဓာတ်အားပြတ်တောက်ချိန်သည် (၁)နာရီ မှ (၅ )နာရီအထိ တစ်ကြိမ်သာ ဓာတ်အားပြတ်တောက်မည်ဖြစ်ပြီး၊ နောက်တစ်ရက်တွင် အုပ်စု (အေ) တစ်ကြိမ်ပြတ်၍ အုပ်စု (ဘီ) အနေဖြင့် နှစ်ကြိမ် (အလှည့်ကျ) ဓာတ်အားပြတ်တောက်တော့မည်ဖြစ်ကြောင်း သိရသည်။
“ လောလောဆယ်ကတော့ ရန်ကုန်အနောက်ပိုင်းခရိုင် မပါသေးဘူး။ လိုင်းအပြစ်ဖြစ်တာလေးတွေ ရှိတာရယ်၊ မီးပြန်လာတဲ့အချိန် Load ကများတော့ ပြတ်တာပါ။” ဟု ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့တွင်းခြောက်မြို့နယ်မှလွဲ၍ ကျန်မြို့နယ်အားလုံးနီးပါး လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်မှုများရှိနေကြောင်း ဒေသခံများ၏ ပြောပြ ချက်အရ သိရသည်။
စုစု
ဓာတ်ပုံ-အင်တာနက်
ဝန်အားထိန်းညှိမှုများ ရှိနေသည့်အတွက် ရန်ကုန်တွင် လေးနာရီခြားတစ်ကြိမ် လျှပ်စစ်မီးပေးနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်