ဘန်ကောက်၊ ဩဂုတ် ၁၆
ရှေ့သို့ချီပါတီ Move Forward ၏ လွှတ်တော်ကိုယ်စားလှယ်များသည် လာမည့် ဝန်ကြီးချုပ်အသစ် ရွေးချယ်ပွဲတွင် ဖြူထိုင်းပါတီ၏ ဝန်ကြီးချုပ်လောင်းကို ထောက်ခံမဲပေးမည် မဟုတ်ကြောင်း ရှေ့သို့ချီပါတီ အတွင်းရေးမှူး Chaithawat Tulathon က ထုတ်ဖော်ပြောဆိုလိုက်သည်။
ရှေ့သို့ချီပါတီနှင့် ဖြူထိုင်းပါတီတို့သည် ယခင်က ၈ ပါတီညွှန်ပေါင်းအဖွဲ့တွင် ဦးဆောင်ပါတီများအဖြစ် ပူးပေါင်းပါဝင်ခဲ့သော်လည်း ဖြူထိုင်းပါတီ နုတ်ထွက်ခဲ့ပြီးနောက် ပါတီနှစ်ခု ကြားဆက်ဆံရေး အေးစက်ခဲ့ကြောင်း သိရသည်။
ဖြူထိုင်းပါတီ၏ ဝန်ကြီးချုပ်လောင်း ဆာရက်သာတာဗီဆင်ကို ထောက်ခံမဲ မပေးရန်ဆုံးဖြတ်ရသည့် အချက်သုံးချက်ရှိနေကြောင်း၊ ထောက်ခံမဲပေးမည် မဟုတ်သော်လည်း ကန့် ကွက်မဲ သို့မဟုတ် ကြားနေမဲပေးမည်ဆိုသောအချက်ကို ထပ်မံဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ရှေ့သို့ချီပါတီအတွင်းရေးမှူး Chaithawat Tulathon ကပြောသည်။
ဖြူထိုင်းပါတီသည် အာဏာသိမ်းခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ချန်အိုချာ ဦးဆောင်နေသော အစိုးရအဖွဲ့တွင်ပါဝင်နေသည့် ပါတီများနှင့် မဟာမိတ်ဖွဲ့စည်း ထားကြောင်း၊ ဖြူထိုင်းပါတီ၏ ကိုယ်စားလှယ်လောင်းကို ထောက်ခံမဲပေးခြင်းက အထက်လွှတ်တော် ကိုယ်စားလှယ်များ၏ လုပ်ပိုင်ခွင့်ကို အားပေးထောက်ခံသလို ဖြစ်လာနိုင် ကြောင်း၊ ထိုအပြင် ထောက်ခံမဲပေးမည်ဆိုလျှင် ဖြစ်လာမည့် အစိုးရအဖွဲ့အသစ်သည် လက်ရှိအစိုးရနှင့် ကွာခြားမှုအများကြီး ရှိလာမည်မဟုတ်သလို ပြည်သူများ၏ဆန္ဒကို ရည် ညွန်းသောအစိုးရအသစ် ဖြစ်လာမှာမဟုတ်ကြောင်း ၎င်းကပြောသည်။
ရှေသို့ချီပါတီအနေဖြင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးချိန်ကာလအတွင်း ပြည်သူ့အပေါ်ပေးထားသည့် ကတိများကိုတည်ရန်နှင့် ပါတီ၏နိုင်ငံရေးမူဝါဒများကို အခြေခံပြီး ယင်းကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ရှေ့သို့ချီပါတီ အထွေထွေအတွင်းရေးမှူးက ပြောသည်။
ဖြူထိုင်းပါတီသည် လက်ရှိအချိန်တွင် ဝန်ကြီးချုပ်လောင်းအမည်စာရင်းတင်သွင်းရန် အခွင့်ရေးရရှိထားပြီး အထက်လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြိုင် ဘက်ပါတီများ၏ တောင်းဆိုချက်အတိုင်း ရှေ့သို့ချီပါတီဦးဆောင်နေသော ၈ ပါတီညွှန်ပေါင်းအဖွဲ့မှ နုတ်ထွက်ပြီး လက်ရှိအစိုးရအဖွဲ့တွင် ပါဝင်နေသူများ ဦးဆောင်နေသော ပါတီများနှင့် ၉ ပါတီညွှန် ပေါင်းအဖွဲ့ကို ဖွဲ့စည်းထားကြောင်း သိရသည်။
ကောင်းထက်ငွေ
ဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲတွင် ဖြူထိုင်းပါတီ၏ ဝန်ကြီးချုပ်လောင်းကို ထောက်ခံမဲ ပေးမည်မဟုတ်ကြောင်း ရှေ့သို့ချီပါတီ ထုတ်ဖော်ပြောဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်